
နိုဝင်ဘာလ ၂၉ရက်၊ ၂၀၂၃ခုနှစ်
မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊ချောင်းနှစ်ခွရဲစခန်းမှာတာဝန်ကျနေတဲ့ ခမရ−(၃၅၈)က ဒုဗိုလ်မှူးကြီး မျိုးကိုကိုဝင်းဒရုန်းဗုံးသီး ထိမှန်သေဆုံးခဲ့တယ်လို့ Cloud Wingsဒရုန်းတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
နိုဝင်ဘာလ ၂၆ရက်နေ့ မနက်၅နာရီဝန်းကျင်အချိန်မှာ ဒုဗိုလ်မှူးကြီး မျိုးကိုကိုဝင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒရုန်းဗုံးသီး(၄)လုံးထိမှန်သေဆုံးခဲ့ပါတယ်။ဒါ့အပြင်နိုဝင်ဘာလ ၂၈ရက်နေ့ထိကိုထိတွေ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာကြောင့် စစ်ကောင်စီတပ်လက်အောက်ခံBGFတပ်ဖွဲ့ဝင်တွေဘက်ကလည်း သေဆုံးမှုတွေလည်းရှိနေတယ်လို့ Cloud Wingsဒရုန်းတပ်ဖွဲ့မှာတာဝန်ခံကိုငြိမ်းက ပြောပါတယ်။
“BGFဘက်ကတော့စစ်ကြောင်းဖြတ်တဲ့နေရာမှာသေတယ် ဒရုန်းမစ်ရှင်ဖြစ်တဲ့အတွက် ဒရုန်းမစ်ရှင်သီးသန့်ထုတ်ပြန်လိုက်တာပါ တပ်ရင်းမှူးကချောင်းနှစ်ခွစခန်းမှာကျတာ တိုက်ပွဲကဖြစ်နေတုန်းပဲ ချောင်းနှစ်ခွရဲစခန်းကို တိုက်နေတုန်းပဲ”လို့သူကပြောပါတယ်။
ဒုဗိုလ်မှူးကြီးမျိုးကိုကိုဝင်းသေဆုံးပြီးနောက်စစ်ကောင်စီတပ်ဘက်မှသီဟသူရဘွဲ့ပေးပြီးဗိုလ်မှူးရာထူးတိုးမြှင့်ပေးခဲ့သလို ခမရ−(၃၅၈)တပ်ရင်းကဒုတပ်ရင်းမှူးလည်း ဒဏ်ရာရရှိထားတာ ကြောင့် ဆေးကုသမှုခံယူနေရတယ်လို့ ထုတ်ပြန်ချက်မှာရေးသာဖော်ပြထားပါတယ်။
နိုဝင်ဘာလ၂၆ရက်နေ့မှာတော့ စံပါယ်ဂူအနီးတစ်ဝိုက်နဲ့ လှကဇိုင်းကျေးရွာအနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး တောင်ကလေးကျေးရွာအနီးအနားမှာလည်းပစ်ခတ်တာတွေ၊လမ်းတွေလည်းပိတ်ထားတာကြောင့် ကျေးရွာအတွင်းပြန်ဝင်လို့မရသေးဘူးလို့ချောင်းနှစ်ခွကျေးရွာသားတစ်ဦးကပြော ပါတယ်။
“တိုက်ပွဲကရွာလက်မှာတစ်ချက်တစ်ချက်ပဲဘီးလပ်မြေစက်ရုံနဲ့ စံပါယ်ဂူဘက်နဲ့ လှကဇိုင်း တောင်ကလေးအထွက်နားမှာပဲ စစ်ကြောင်းထိုးရင်းဖြစ်ကြတာတော့ရှိတယ်အပြင်ဘက်မှာ စစ်ကြောင်းထိုးတဲ့ဟာတွေကတော့ တိုက်ပွဲတောက်လျှောက်ဖြစ်နေတာပေါ့ ရွာထဲကိုလည်း ပြန်ဝင်ဖို့နေနေသာသာ တောင်ကလေးလမ်ကြောလမ်းပိတ်ထားတယ် တောင်ကလေးရဲစခန်းကနေ တစ်ကြောလုံးဝင်လို့မရသေးဘူး”လို့ဆိုပါတယ်။
နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ချိန်တုန်းကလည်း စစ်ကောင်စီတပ်ရဲ့ တောင်ကလေး ရဲစခန်း၊ မုဒုံမြို့အမြှောက်တပ်နဲ့ ကြာအင်းဆိပ်ကြီးကနေလက်နက်ကြီးတွေနဲ့ပစ်ကူပေးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့နိုဝင်၁၀ရက်နေ့က၂၈ရက်နေ့ထိကိုနှစ်ဖက်ထိတွေ့တိုက်ပွဲဆက်လက်ဖြစ်ပွားနေတာကြောင့် ချောင်းနှစ်ခွကျေးရွာ၊တောင်ကလေးကျေးရွာကဒေသခံထောင်နဲ့ချီထွက်ပြေးတိမ်းရှောင်နေရသလို စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာလေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက် တာတွေကြောင့် ချောင်းနှစ်ခွကျေးရွာကနေအိမ်အလုံး၃၀လောက်မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေရဲ့ ပြောပြချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ပုံ – Cloud Wings
Phar Si Than (People’s Radio Myanmar)