မရမ်းကုန်းကျေးရွာကအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်

ဖေဖော်ဝါရီလ ၉ရက်၊ ၂၀၂၄ခုနှစ်

 

မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊မရမ်းကုန်းကျေးရွာသားတစ်ဦးကို စစ်ကောင်စီတပ်သားတွေက အကြောင်းမဲ့ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဖေဖော်ဝါရီလ ၇ရက်နေ့မနက်၉နာရီဝန်းကျင်အချိန်မှာ ချောင်းနှစ်ခွကျေးရွာအတွင်း တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီသားတွေဟာ ကျေးရွာအပြင်မှာရှိတဲ့ ဆိတ်ကျောင်းနေသူအမျိုးသားတစ်ဦးကို သေနတ်နဲ့ ပစ်ခတ်ပြီးနောက် ပါလာတဲ့သုံးဘီးဆိုင်ကယ်နဲ့ လူကိုပါအရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့ပြီး သေဆုံးသူမှာ အသက်၄၀ ဝန်းကျင်အရွယ် မရမ်းကုန်းကျေးရွာသားတစ်ဦးဖြစ်တယ်လို့ ချောင်းနှစ်ခွကျေးရွာသားတစ်ဦးကပြောပါတယ်။

“ အလောင်းကိုလည်း ဘယ်သူမှသွားသယ်မရအောင်သူ့ရဲ့သုံးဘီးရောသူ့ကိုရောမီးရှို့ လိုက်တယ် သတ်ခံလိုက်ရတဲ့သူကလယ်ကွင်းထဲမှာ အမြဲဖားရှာငါးရှာနေတဲ့သူပဲ အခုကတော့ ဆိတ်ကျောင်းနေရင်း ခွေး၅ကောင်လောက်ထွက်လာပြီးတော့ ခြေထောက်ကိုအရင်ပစ်တယ် ပြီးတော့လဲသွားမှ မီးရှို့သတ်တာ”လို့သူကပြောပါတယ်။

ဖေဖော်ဝါရီလ ၇ရက်နေ့မှာပဲ ချောင်းနှစ်ခွကျေးရွာအနီးစပါးရိတ်သိမ်းနေသူတွေကို စစ်ကောင်စီတပ် သေနတ်နဲ့ အဆက်မပြတ်ပစ်ခဲ့တာကြောင့်စပါးရိတ်နေသူ တွေထွက်ပြေးခဲ့ရကာ ထိခိုက်ဒဏ်ရာ ရရှိတာမျိုးတော့မရှိခဲ့ပါဘူး။ ဒါ့အပြင်တစ်ရက်ထဲမှာ ပဲချောင်းနှစ်ခွနဲ့ မရမ်းကုန်းကျေးရွာကြားမှာရှိတဲ့ ဆိတ်ကျောင်းနေသူကို စစ်ကောင်စီတပ်သားတွေက အရှင်လတ်လတ်မီးရှို့ခဲ့တယ်လို့ နောက်ထပ်ချောင်းနှစ်ခွကျေးရွာသားတစ်ဦးကဆိုပါတယ်။

“မနေ့ကပဲပေါ့ စပါးခင်းကစပါးရိတ်တဲ့သူတွေကို အရင်ကတော့ရိတ်နေတာဘာမှမဖြစ်ဘူး မနေ့ကလှမ်းပစ်လို့ တောက်လျှောက်လှမ်းပစ်တော့ စပါးရိတ်သမားတွေထွက်ပြေးရတာပေါ့ အဲ့တာတော့လူမထိဘူး၊မနေ့ကပဲ မနက်၉နာရီလောက်ကပဲ ဆိတ်ကျောင်းတဲ့သူကျတော့ သူတို့ထွက်လာပြီး ပေါင်နဲ့ခြေထောက်ကို အရင်ပစ်တယ်ပစ်ပြီးမှပါလာတဲ့ဆိုင်ကယ်သုံးဘီးနဲ့ ထပ်ပြီးတော့မီးရှို့လိုက်တာအခုဖြစ်တဲ့နေရာကရွာနဲ့လှမ်းတယ်အဲ့တာကိုသက်သက်မဲ့လုပ်တာ”လို့ဆိုပါတယ်။

ချောင်းနှစ်ခွကျေးရွာအတွင်းပြန်လည်တပ်စွဲနေထိုင်နေတဲ့စစ်ကောင်စီတပ်သားတွေဟာ ကျေးရွာအတွင်းမှာရှိတဲ့ နေအိမ်တွေကို အခုနှစ် ဇန်နဝါရီလ ၂၅ရက်ထိကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ကျေးရွာအတွင်းကနေအိမ်အလုံး၅၀ထပ်မနည်းမီးလောင်ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင်ကျေးရွာအတွင်းပြန်လည်ကြည့်ရှုသူတွေကိုလည်းစစ်ကောင်စီတပ်ဘက်မှ ဖမ်းဆီးရိုက်နှက်နှိပ်ဆက်တာတွေကိုလည်းပြုလုပ်ခဲ့သလို အခုအချိန်ထိကိုလည်း ကျေးရွာအတွင်းပြန်လည်ဝင်ခွင့်မပြုတာကြောင့် ၃လနီးပါးကြာတဲ့ ဒေသခံ၄၀၀၀ကျော် ဟာနေရပ်မပြန်နိုင်သေးပဲ မုဒုံမြို့၊ ဘုရားသုံးဆူနဲ့ အနီးအနားကျေးရွာတွေမှာ ဆက်လက်တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေရဲ့ ပြောစကားအရသိရပါတယ်။

 

သတင်း-နော်ဖူးဖူး

ပုံ-Cj

Phar Si Than (People’s Radio Myanmar)