ထားဝယ်အခြေစိုက် ခလရ ၂၆၇တပ်ရင်းက စစ်မှုထမ်းစုဆောင်းခံရတဲ့ တပ်သားနှစ်ဦး လက်နက်နဲ့တကွအလင်းဝင်

ထားဝယ်အခြေစိုက် ခလရ ၂၆၇တပ်ရင်းက စစ်မှုထမ်းစုဆောင်းခံရတဲ့ တပ်သားနှစ်ဦး လက်နက်နဲ့တကွအလင်းဝင်

By−နော်အယ်နီး
Date- December 17, 2025

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်အခြေစိုက် စစ်ကော်မရှင်တပ်ရဲ့ ခလရ ၂၆၇တပ်ရင်းက စစ်မှုထမ်းဖို့ အတင်းအဓမ္မစုဆောင်းခံရတဲ့ စစ်ကော်မရှင်တပ်သားနှစ်ဦး တော်လှန်ရေးတပ်ဖွဲ့ဆီ လက်နက်နဲ့တကွ အလင်းဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်ရောက်လာတဲ့သူတွေကတော့ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာရှိ မိုက်ခရိုဝေ့တာဝါတိုင်စခန်းမှာ တာဝန်ကျနေတဲ့ ခလရ (၂၆၇)တပ်ရင်းက တပ်သား ကိုပြည့်ဖြိုးမောင်နဲ့ တပ်သား ကိုပြည့်လင်းအောင်တို့ဖြစ်တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၁၄ရက်နေ့၊ မနက်ပိုင်းလောက်မှာ အဆိုပါတပ်သား ၂ဦးဟာ မိုက်ခရိုဝေ့တာဝါတိုင်စခန်းကနေ ထွက်ပြေးလာခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့နဲ့ ချိတ်ဆက်ကာ အလင်းဝင်ရောက်လာခဲ့တာဖြစ်တယ်လို့ သံမဏိလိပ်ပြာတပ်ဖွဲ့ရဲ့ တာဝန်ခံ ကိုငွေပုက ဆိုပါတယ်။

“ သင်တန်းပြီးတော့ ခလရ ၂၆၇မှာ သူတို့ ၁လလောက်နေပြီးတော့မှ ကျောက်နီမော် မိုက်ခရိုဝေ့တာဝါတိုင်စခန်းအထိ သူတို့ပို့လိုက်တာပေါ့။ အဲ့မှာ အနိုင်ကျင့်ခံရတော့ မနေနိုင်လို့ ထွက်ပြေးလာတာ။ ဆက်သွယ်မရှိဘဲ ထွက်ပြေးလာတာ။ အရပ်သားတစ်ယောက်ကနေ တစ်ဆင့် ကျနော်တို့ကို ချိတ်ဆက်လာတာပါ” လို့သူက အခုလိုပြောပါတယ်။

အဆိုပါတပ်သား ၂ဦးဟာ ပြီးခဲ့တဲ့ဇူလိုင်လက သူတို့ရဲ့နေရပ်တွေမှာ စစ်ကော်မရှင်တပ်ရဲ့ အတင်းအဓမ္မစစ်မှုထမ်းစုဆောင်းခံရပြီး ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့မှာရှိတဲ့ အမှတ်၁၁ တပ်မတော် အတန်းမြင့်လေ့ကျင့်ရေးကျောင်းမှာ စစ်မှုထမ်းသင်တန်း ၃လတက်ရောက်ခဲ့ရတယ်လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

အလင်းဝင်ရောက်လာတဲ့အချိန် MA-1 သေနတ် ၂လက်၊ ကျည်ဘောက် ၂ခု၊ ၅.၅၆ကျည် ၅၀တောင့်ကို ယူဆောင်လာပြီး တော်လှန်ရေးတပ်တွေဘက်က ဆုငွေ ကျပ်သိန်း ၃၀ချီးမြင့်လိုက်တယ်လို့ သိရပါတယ်။

အခုလက်ရှိမှာတော့ အလင်းဝင်ရောက်လာသူ၂ဦးကို လုံခြုံတဲ့နေရာမှာထားရှိထားပြီး ရှေ့ဆက် သူတို့ဆန္ဒအတိုင်းလုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့ ကိုငွေပုက ဆိုပါတယ်။

“ သူတို့က ရှေ့ဆက် ဘာလုပ်မလဲဆိုတာကို စဉ်းစားခိုင်းထားပါတယ်။ သူတို့ရဲ့ ပြောတဲ့အပေါ်မူတည်ပြီး ဆန္ဒအတိုင်းလုပ်ဆောင်ပေးသွားမှာပါ” လို့သူက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ရက်နေ့ကလည်း စစ်မှုထမ်းစုဆောင်းခံရတဲ့ စစ်ကော်မရှင်တပ်သား ၄ဦး သံမဏိလိပ်ပြာတပ်ဖွဲ့ဆီ အလင်းဝင်ရာက်လာခဲ့သေးတယ်လို့ တော်လှန်ရေးတပ်တွေရဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။


ပုံ− အလင်းဝင်ရောက်လာတဲ့တပ်သားနှစ်ဦးနဲ့အဖွဲ့တာဝန်ရှိသူကိုငွေပု

Leave a Reply

Your email address will not be published. Required fields are marked *