တနင်္သာရီမြို့နယ်မှာ စစ်ကော်မရှင်တပ်က ပထမဆုံးအကြိမ် ကာမေကာဇေအသေခံဒရုန်းနဲ့ တိုက်ခိုက်တာကြောင့် ခရစ်ယာန်ဘုရားကျောင်းပျက်စီး

 တနင်္သာရီမြို့နယ်မှာ စစ်ကော်မရှင်တပ်က ပထမဆုံးအကြိမ် ကာမေကာဇေအသေခံဒရုန်းနဲ့ တိုက်ခိုက်တာကြောင့် ခရစ်ယာန်ဘုရားကျောင်းပျက်စီး

By−နော်အယ်နီး

Date- December 19, 2025

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ပဝကျေးရွာအုပ်စု၊ ပဝထိန်ရွာကို စစ်ကော်မရှင်တပ်က ပထမဆုံးအကြိမ် ကာမေကာဇေအသခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

ဒီဇင်ဘာလ ၁၇ရက်နေ့၊ ညနေ ၃နာရီဝန်းကျင်လောက်မှာ မော်တုန်းရွာအခြေစိုက် အမတ ၃၀၆တပ်ရင်းကနေ ပထိန်ရွာရှိ ခရစ်ယာန်ဘုးရားကျောင်းထဲကို ကာမေကာဇေဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ တနင်္သာရီဒေသခံတစ်ဦးက ဆိုပါတယ်။ 

“ တိုက်ပွဲမဖြစ်ဘူး။ အဲ့ရွာက အတွင်းဘက်ကျတဲ့ရွာ။ တစ်ခါမှအဲ့လိုမဖြစ်ဖူးဘူး” လို့သူက အခုလိုပြောပါတယ်။ 

တိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်းဆောင်ပျက်စီးသွားခဲ့ပြီး ဒေသခံထိခိုက်တာမျိုးတော့ မရှိဘူးလို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။ 

အဆိုပါကျေးရွာဟာ တော်လှန်ရေးတပ်တွေဘက်က ထိန်းချုပ်ထားတာဖြစ်ပြီး တိုက်ပွဲမဖြစ်တာလည်း ၂နှစ်နီးပါးလောက်ရှိပြီဖြစ်တယ်လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ 

စစ်ကော်မရှင်တပ်ဘက်က အခုလိုတိုက်ခိုက်မှုကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်ထိတ်လန့်နေကြပြီး ပြည်သူတွေကို အကြောက်တရားရိုက်သွင်းတာမျိုး ဖြစ်နိုင်တယ်လို့ အထက်ပါရဲဘော်က ဆက်ပြောပါတယ်။ 

“ အဲ့လိုမျိုးတိုက်ခိုက်တာ ပထမဆုံးလို့ ပြောလို့ရတယ်။ ရွာသားတွေကတော့ ကြောက်တာပေါ့၊ ထုံးစံအတိုင်း ပြည်သူတွေကို အကြောက်တရားရိုက်သွင်းတာဖြစ်မယ်”လို့သူက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ရက်နေ့ကလည်း တနင်္သာရီမြို့နယ်ရှိ ဘန်းလမွတ်ကျေးရွာထဲကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ခြံထဲရှိ တဲတစ်ဆောင် မီးလောင်ပျက်စီးခဲ့သေးတယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေအရ သိရပါတယ်။ 

ပုံ− စစ်တပ်ကတိုက်ခိုက်တဲ့ကာမေကာဇေဒရုန်း

Leave a Reply

Your email address will not be published. Required fields are marked *