ကော့ကရိတ်မြို့က နေအိမ်မီးလောင်သွားတဲ့ အိမ်ထောင်စုတွေကို စစ်တပ်က ထောက်ပံ့ပစ္စည်းများ ပေးဝေမယ်လို့ဆို

ဇူလိုင်လ ၄ရက် ၂၀၂၄
ကရင်ပြည်နယ်၊ကော့ကရိတ်မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် နေအိမ်မီးလောင် ဆုံးရှုံးသွားခဲ့တဲ့ အိမ်ထောင်စုတွေအတွက်ကို စစ်ကောင်စီတပ်က အလှည့်ကျ အိမ်အသုံးအဆောင်ပစ္စည်းတွေပေးသွားမယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ဇူလိုင်လ ၂ ရက်နေ့ကနေစပြီး ကော့ကရိတ်မြို့ရှိ မြို့တော်ခန်းမမှာမီးလောင်သွားတဲ့ အိမ်ထောင်စု ၁၂၀ကျော်အတွက် ဆန်၊ဆီအပါအဝင် အိုးခွက်ပန်းကန်တွေကိုပေးဝေသွား မှာဖြစ်ပြီး အဲ့ဒီအသုံးအဆောင်ပစ္စည်းတွေဟာလည်း NGO အဖွဲ့အစည်းတွေက လှူဒါန်းတာဖြစ်တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
“အခုလက်ရှိဝေနေတယ် စာရင်းထုတ်ပြန်ချက်မှာပါတဲ့ သူတွေပဲရမယ် အခုကအလှည့်နဲ့ ပေးနေတာအဲ့ဒီအိုး၊ခွက်နဲ့ ဆန်တွေက NGO လိုအဖွဲ့အစည်းကပေးတာကို ဒီကအုပ်ချုပ်ရေး အဖွဲ့ဆီအပ်ပြီးသူတို့က စီမံပြီးပေးတာ အဖွဲ့အစည်းနာမည်တော့မသိဘူးတိုက်ရိုက် ပေးခွင့်မရှိလို့ စကစကိုအပ်ပြီးသူတို့ကပြန်ခွဲပေးတာပေါ့”လို့သူကပြောပါတယ်။
ဒါ့အပြင် ကော့ကရိတ်မြို့ရှိ မီးလောင်ထားတဲ့ ရပ်ကွက်တွေထဲမှ တဲအိမ်ပြန်လည် ဆောက်လုပ်ဖို့ ခွင့်ပြုမိန့်တင်ထားတဲ့ သူတွေကိုသာစစ်ကောင်စီတပ်ဘက်မှ ကျပ်ငွေ ၂သိန်းကို အလှည့်ကျပေးသွားမှာဖြစ်ပြီး နေအိမ်အရေအတွက်ကိုတော့အတိအကျ မသိရှိရသေးဘူးလို့ ဒေသခံ အမျိုးသားတစ်ဦးကဆိုပါတယ်။
“ပိုက်ဆံ၂ သိန်း တဲဆောက်ဖို့ ခွင့်ပြုမိန့်တင်ထားတဲ့သူတွေကိုပဲ အလှည့်ကျပေးတာလူတိုင်းမရဘူး ပိုက်ဆံပေးနေတာက ရပ်ကွက်အလိုက်အလှည့်ကျစနစ်နဲ့ပေးနေတာပဲ အိမ်ခြေတော့မသိရပါသေးဘူး မီးလောင်ထားတဲ့ ရပ်ကွက်တစ်ခုကို ၁၀ အိမ်နှုန်းနဲ့ ပေးမယ်ဆိုတော့ အိမ်ခြေ၆၀ လောက်ပဲ ပေးနိုင်ဦးမယ်ထင်တယ်”လို့ဆိုပါတယ်။
အခုလက်ရှိအချိန်မှာလည်း ကော့ကရိတ်မြို့တွင်မှာ ငွေးကြေးတတ်နိုင်သူအများစုသာ ပြန်လည်နေထိုင်ကြတာဖြစ်ပြီး ကျပန်းလုပ်ကိုင်သူ ရပ်ကွက်နေပြည်သူတွေမှာတော့အလုပ်အကိုင်မရှိတာကြောင့် တခြားမြို့ရွာတွေမှာ ပြောင်းရွှေ့နေထိုင်ကြတာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကော့ကရိတ်မြို့မှာ တိုက်ပွဲဖြစ်ပွားတာ၊ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်တာ၊မီးရှို့တာတွေကြောင့် မြို့တွင်းကနေအိမ် အလုံး၆၀၀ လောက်မီးလောင်ခဲ့တာဖြစ်ပြီး၊ ဒေသခံ ၃၀ လောက်လည်း သေဆုံးခဲ့ကာ ဒေသခံ ၂၀၀၀၀ ဝန်းကျင်ဟာလည်းဘေးလွတ်ရာကိုတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-ကော့ကရိတ်မြို့
Phar Si Than (People’s Radio Myanmar)