
ဇွန်လ ၂၆ရက် ၂၀၂၄ ခုနှစ်
မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ စစ်ကောင်စီတပ်ဟာ ဒေသခံတွေရဲ့ဖုန်းမှာ VPN တွေ့ပါက ငွေကြေးတောင်းတာတွေကို ဆက်တိုက်ပြုလုပ်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန်လ ၁၅ ရက်နေ့လောက်ကစပြီး မော်လမြိုင်မြို့ရှိ မီးပွိုင့်တွေနဲ့ လူစည်ကားရာနေရာတွေမှာ ဂိတ်ချပြီး ဒေသခံတွေရဲ့ ဖုန်းတွေကို ယူစစ်ကာ VPN တစ်ခုတွေ့ပါက ငွေကျပ် ၁သိန်းပေးဆောင်နေရတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“ပထမစစဖမ်းချင်းတုန်းက VPN တွေ့ရင် ၂သိန်းအထိပေးရတယ်၊ဘယ်နှခုဘာညာမဆိုင်ဘူး၊ အခုနောက်ပိုင်းကျတော့မှ VPN တစ်ခုကို တစ်သိန်းပေးရတယ်၊ ပိုက်ဆံမပါရင်လည်း အိမ်ကလူကို လာပို့ခိုင်းတယ်၊” လို့ သူကပြောပါတယ်။
ဒါ့အပြင် ဒေသခံတွေရဲ့ ဖုန်းထဲမှာ VPN မတွေ့ပါက ဦးထုတ်၊လိုင်စင်စတာတွေကို စစ်ပြီး လိုင်စင်မပါရင် ငွေကျပ် ၃သောင်း ဒဏ်ငွေဆောင်ရတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးကပြောပါတယ်။
” စစ်တာတော့ လူငယ်တွေကိုစစ်တာများပါတယ်၊ သူတို့မှာ VPN စစ်စရာမရှိရင် ဦးထုတ်တို့လိုင်စင်တို့စစ်တယ်၊တစ်ခုခုမပါရင် ဒဏ်ငွေဆောင်ဘဲ၊ ပိုက်ဆံမရရအောင်တောင်းနေသလိုပုံစံမျိုးကြီး၊” လို့ပြောပါတယ်။
အလားတူ မွန်ပြည်နယ်၊ ရေးမြို့နယ်မှာလည်း စစ်ကောင်စီတပ်က ဒေသခံတွေရဲ့ဖုန်းမှာ VPN စစ်တာတွေကို ဆက်တိုက်လုပ်ဆောင်နေပြီး VPN တွေ့ရှိပါက ငွေကျပ် ၂ သိန်း ပေးဆောင်နေရတယ်လို့ ဒေသခံတွေရဲ့ ပြောစကားအရ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့လောက်ကစပြီး စစ်ကောင်စီတပ်က မြန်မာနိုင်ငံမှာ VPN အသုံးပြုတာကို ပိတ်လိုက်တာဖြစ်ပြီး အခုလို ပိတ်လိုက်ပြီးနောက်ပိုင်း ဖုန်းထဲမှာ VPN တွေ့ပါက ဖမ်းဆီးတာနဲ့ ငွေညစ်တာတွေကို ဆက်တိုက်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
သတင်း-ကိုဖြိုး
ပုံစာ။မော်လမြိုင်မြို့
Phar Si Than(People’s Radio Myanmar)