မြဝတီမှာ မိန်းကလေးတွေကို ပစ်မှတ်ထားပြီး လုယက်မှုတွေပိုမိုပြုလုပ်လာ

ဇွန်လ ၂၂ရက်၂၀၂၄

ကရင်ပြည်နယ်ရှိ မြဝတီမြို့မှာ မိန်းကလေးတွေကို အဓိကပစ်မှတ်ထားပြီး လုပ်ယက်မှုတွေကို ပိုမိုပြုလုပ်လာတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဇွန်လလောက်ကနေစပြီး မြဝတီမြို့ပေါ်ရပ်ကွက်ရှိ လူသွားလူလာနည်းတဲ့လမ်းတွေနဲ့ အမှတ်၂ တံတားဘက်မှာ  သွားလာနေတဲ့ အမျိုးသမီးတွေကို အဓိကပစ်မှတ်ထားတာဖြစ်ပြီး ဖုန်းလုယက်တာတွေမကြာခဏဖြစ်ပေါ်နေတယ်လို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူအမျိုးသမီးတစ်ဦးကပြောပါတယ်။

“ဆိုင်ကယ်တွေလုတာတော့ သိပ်မကြားမိဘူး ဖုန်းတွေတော့တော်တော်ပါတယ် ကိုယ်တွေလည်းလုခံရတယ် ကိုယ့်ရဲ့သူငယ်ချင်းတွေလည်းပါတယ် လုတာကယောကျ်ားလေး ကလစ်ဘီးနဲ့ပဲ မိုးကာကော ဦးထုပ်ကော ေဆာင်းထားတော့သေချာမမြင်ရဘူးတစ်ခုပဲ ဓားတွေမပါလို့တော်သေးတယ် အခုက လက်ထဲဖုန်းမကိုင်ပဲ အိတ်ထဲသေချာထည့်မှ”လို့ သူကပြောပါတယ်။

ဒါ့အပြင် မြဝတီမြို့မှာ ရပ်ထားတဲ့ဆိုင်ကယ်တွေကို ယူပြေးတာ၊ ဈေးဆိုင်တွေမှာ အလစ်ဝင်ပြီး ပိုက်ဆံအိတ်တွေယူတာတွေလည်းမကြာခဏဖြစ်ပေါ်နေသလို သက်ဆိုင်ရာတာဝန်ရှိသူတွေကလည်း တာဝန်ယူဖြေရှင်းပေးတာမျိုးမရှိဘူးလို့ မြဝတီမြို့ခံအမျိုးသားတစ်ဦးကဆိုပါတယ်။

“ဈေးအရှေ့ ရပ်ထားတဲ့ ဆိုင်ကယ်ကိုယူပြေးတာ ဆိုင်ပေါ်တက်ပြီးဖောက်သယ်လို့ ပစ္စည်းတွေဈေးမေး ဆိုင်ရှင်အငိုက်မှာ ပိုက်ဆံအိတ်အလစ်ယူပြေးတာ၊ ခိုးတဲ့ဆိုင်ကယ်တွေ အပေါင်ဆိုင်မှာ တွေ့လို့တောင်းတဲ့ဈေးနဲ့ပြန်ဝယ်ရတယ် သူခိုးမိရင်လည်း ပြန်လွှတ်လိုက်တာကများတယ် ခိုးမှုတွေကတော့ ရဲအရေးပိုင်တာလေ”လို့ဆိုပါတယ်။

မြဝတီမြို့ပေါ်မှာ ဇွန်လ ၁ လအတွင်း မိန်းကလေးများဖုန်းလုခံရတာမှာ ၈ကြိမ်ခန့်ရှိနေပြီးဖြစ်သလို အခုလို လုယှက်မှုတွေ ဖြစ်ပေါ်လာရခြင်းဟာ  လောင်းကစားရုံတွေပေါလာတာကြောင့် ဖြစ်တယ်လို့ မြို့ခံတွေရဲ့  ပြောဆိုမှုတွေလည်းရှိနေပါတယ်။

ကရင်ပြည်နယ်အတွင်းက ဒေသတွေဖြစ်တဲ့ ကမမောင်း၊ဘုရားသုံးဆူ၊ကြာအင်းဆိပ်ကြီးနဲ့ မြဝတီမြို့တွေမှာ ကျားဖျန့်လုပ်ငန်းတွေ၊ပန်းသီးပုံး၊တခြားလောင်းကစားဝိုင်းတွေနဲ့ မူးယစ်ဆေးဝါးတွေပေါလာတာကြောင့် ခိုးမှုတွေနေ့တိုင်းဖြစ်ပေါ်နေတာလည်းဖြစ်ပါတယ်။

သတင်း-နော်ဖူးဖူး

ပုံ-မြဝတီမြို့

Phar Si Than(People’s Radio Myanmar)