ထားဝယ်မှာ ပုဂ္ဂလိကဘဏ်တွေက အကန့်အသတ်နဲ့ ပိုက်ဆံထုတ်ပေးနေတာကြောင့် ဒေသခံတွေအနေနဲ့ အခက်အခဲကြုံနေရ

ဇူလိုင်လ ၁၃ရက်နေ့၊ ၂၀၂၄ခုနစ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှာရှိတဲ့ ပုဂ္ဂလိကဘဏ်တွေကနေ အကန့်အသတ်နဲ့သာ ပိုက်ဆံထုတ်ပေးနေတာကြောင့် ဒေသခံတွေအနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ထားဝယ်မြို့ဒေသခံတွေဆီကနေ သိရပါတယ်။

ထားဝယ်မြို့ရှိ ပုဂ္ဂလိကဘဏ်တွေမှာ အရင်က ငွေသားကို အကန့်အသတ်မရှိထုတ်ပေးခဲ့ပေမယ့် ၂၀၂၄ခုနစ်၊ ဇူလိုင်လ ၉ရက်နေ့ကလောက်ကစပြီး တစ်နေ့ကို ငွေသား ဆယ်ဂဏန်းလောက်သာ ထုတ်ယူလို့ ရတော့တယ်လို့ ငွေလွှဲလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ဆိုပါတယ်။

“ ကျမဆို တနေ့ကို သိန်း ၂၀ဘဲ့ထုတ်လို့ရတယ်။ အခုဆို နေ့တိုင်းရွာကနေလာပြီး ထုတ်နေရတယ်။ ထိုင်း၊ မလေးရှားတွေဘက်က အခုချိန်ဆို ငွေလွှဲကြတယ်လေ။ တခုခုဖြစ်မှာလည်း စိုးရိမ်တယ်” လို့သူက အခုလိုပြောပါတယ်။

အခုလို ပုဂ္ဂလိကဘဏ်တွေကနေ ငွေသားအကန့်အသတ်နဲ့သာ ထုတ်ပေးနေတာကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့လည်း လုပ်ငန်းတွေ လည်ပတ်စီးဆင်းဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ထားဝယ်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပြပါတယ်။

“ ဘဏ်တခုနဲ့တခုက ငွေထုတ်ပေးတာခြင်းတော့မတူဘူး။ ပစ္စည်းပြန်ဝယ်ဖို့ ပိုက်ဆံထုတ်လို့လည်းမရ၊ လုပ်ငန်းအသုံးစရိတ်ထုတ်လို့လည်း မရ။ ထုတ်ပေးပေမဲ့ မလုံလောက်ဘူး” လို့သူက ပြောပါတယ်။

စီးပွားရေးလုပ်ငန်းရှင်အချို့က စပါယ်ရှယ်ငွေစုစာအုပ်လုပ်ထားပေမယ့်လည်း ငွေသား လိုသလောက် ထုတ်လို့မရဘူးလို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၁ရက်နေ့မှာ ပြည်တွင်းက အိမ်ရာချေးငွေကို စစ်တပ်ရဲ့ ဗဟိုဘဏ်သတ်မှတ်ချက်ထက် ကျော်လွန်ထုတ်ချေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပုဂ္ဂလိကဘဏ် ၇ခုနဲ့ ဗဟိုဘဏ်က တာဝန်ရှိသူတွေကို အရေးယူသွားမယ်လို့ ထုတ်ပြန်ကြော်ငြာခဲ့ပါတယ်။

အရေးယူခံရမယ့်ဘဏ်တွေကတော့ ရိုးမဘဏ်၊ ဧရာဝတီဘဏ်၊ ယူအေတီဘဏ်၊ မြန်မာမက်ထရိုဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ အသေးစားနဲ့ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုရေးဘဏ်၊ ဆောက်လုပ်ရေး၊ အိမ်ယာနဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်တွေ ဖြစ်ပါတယ်။

ပုဂ္ဂလိကဘဏ်တွေကနေ ငွေထုတ်ယူရခက်ခဲနေတဲ့ ပြသနာဟာ ထားဝယ်မြို့အပြင် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း− နော်အယ်နီး
ပုံ− Cj
People’s Radio Myanmar (Phar Si Than)