
အာရက္ခတပ်တော်၊ အခြားတိုင်းရင်းသားလက်နက်ကိုင်များနှင့် တရုတ်နိုင်ငံဆက်ဆံရေး
ဘုန်းမောင်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အာရက္ခတပ်တော် – AA က ရခိုင်ဗုဒ္ဓဘာသာတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်တိုက်ပွဲဝင်နေပြီး ဒါက မြန်မာနိုင်ငံရဲ့ လူမျိုးရေးပဋိပက္ခတွေအတွက် အရေးပါတဲ့အသစ်အဆန်းတစ်ခုလည်း ဖြစ်နေပါတယ်။
AA နဲ့ မြန်မာစစ်တပ်အကြား ပြင်းထန်တဲ့တင်းမာမှုတွေပေါ်ပေါက်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်မှာ AA က ရဲကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့နောက်ပိုင်းမှာတော့ ဒီအဖြစ်အပျက်ဟာ လူပေါင်း ၁၅၇,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ အနေအထားဆီ ဦးတည်ခဲ့ပါတယ်။
နိုင်ငံရေးအရပစ်ပယ်ခံထားရတဲ့ အကျိုးဆက်အဖြစ် အေအေကို ရခိုင်ပြည်သူလူထုထောက်ခံမှုအင်အား ကြီးမားလာခဲ့ပြီး ၂၀၁၇ ခုနှစ်ကစလို့ တိုတောင်းတဲ့အချိန်အတွင်း တရုတ်ရဲ့ကျောထောက်နောက်ခံနဲ့ အရှိန် ကြီးမားလာခဲ့ပါတယ်။ ဘေဂျင်းအနေနဲ့ မြန်မာနိုင်ငံမှာ သူရဲ့စီးပွားရေးနဲ့ ဗျူဟာမြောက်ပန်းတိုင်တွေကို ကာကွယ်ဖို့လိုပါတယ်။ ဒါကြောင့်လည်း မြန်မာစစ်တပ်၊ အေအေ နှစ်ဖက်လုံးနဲ့ အင်အားချိန်ခွင်လျှာမျှနေဖို့ လိုအပ်ပါတယ်။
အာရက္ခတပ်တော်ဒီရေတက်ချိန်
____
အေအေ ကို ၂၀၀၉ ခုနှစ် ဧပြီမှာ ကချင်ပြည်နယ် လိုင်ဇာမြို့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ အေအေရဲ့ ရည်မှန်းချက်က ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်နဲ့ဆင်တူတဲ့ ရခိုင်ပြည်နယ်မှာ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရနယ်မြေထူထောင် ဖို့ပါပဲ။
ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံးပြည်နယ်မှာပါဝင်ပါတယ်။ အေအေက ရခိုင်အမျိုးသားရေး စိတ်ဓာတ်ကို လက်ကိုင်ထားသလို ဒေသတွင်းသာယာဝပြောရေးနဲ့ ရခိုင်တိုင်းရင်းသားအသိုက်အဝန်းရဲ့ ယဉ်ကျေးမှု၊ အမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ကတိပြုထားပြီး လူထုရဲ့ထောက်ခံမှုရဖို့ကိုလည်း ကြိုးစားနေပါတယ်။
အေအေရဲ့ ကနဦးကာလတွေမှာ ကချင်လွတ်မြောက်ရေးတပ်မတော် – KIAရဲ့အရိပ်အောက်ကနေ လေ့ကျင့် သင်ကြားခဲ့ပြီး နောက်ပိုင်းမှာတော့ အင်အားကြီး UWSA ဆီရွှေ့ပြောင်းခဲ့ပါတယ်။ အစပထမကာလတွေမှာ အေအေ က ရှမ်းနဲ့ကချင်ပြည်နယ်တွေမှာ စစ်ဆင်ရေးလေ့ကျင့်မှုတွေနဲ့ တိုက်ပွဲအတွေ့အကြုံတွေရရှိခဲ့ပြီး ၂၀၁၂ ခုနှစ်ကစပြီး ရခိုင်ပြည်နယ်ဘက်ကို အာရုံစိုက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂၀၁၇ ခုနှစ် နောက်ပိုင်းရောက်မှသာ အေအေက ရခိုင်ပြည်နယ်မှာ ထင်ရှားကျော်ကြားလာခဲ့ပါတယ်။
အေအေကို တရုတ်က ဘာတွေထောက်ပံ့ခဲ့သလဲ
_____
တရုတ်အစိုးရက အေအေကို လက်နက်တိုက်ရိုက်ထောက်ပံ့တာနဲ့ပတ်သက်ပြီး အထောက်အထား အနည်း ငယ်သာရှိသေးပေမယ့် စစ်တွေရေတပ်သင်္ဘောတိုက်ခိုက်မှုအပါအဝင် သာဓကအများအပြားအရ အေအေ လက်ထဲ တရုတ်လက်နက်တွေစီးဆင်းခဲ့တယ်ဆိုတာ အတည်ပြုနိုင်ခဲ့ပါတယ်။
Anders Corr ရဲ့စကားအရ အေအေရဲ့ဘဏ္ဍာရေးအရင်းအမြစ်တွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က တရုတ် နိုင်ငံကဖြစ်ပါတယ်။ အေအေကို တရုတ်ကထောက်ပံ့ပေးထားတဲ့ပစ္စည်းတွေထဲ ယူနီဖောင်း၊ လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ ပါဝင်ပါတယ်။ ၂၀၁၉ ခုနှစ် ဇွန်လက အေအေရဲ့ စစ်တွေရေယာဉ်တိုက်ခိုက်မှုမှာ တရုတ်လုပ် ၁၀၇ မီလီမီတာ ဒုံးကျည် ၃ စင်း အေအေကပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
အေအေရဲ့ အဓိကလက်နက်အရင်းအမြစ်က UWSA နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေဆီကဖြစ်ပြီး အခြား တိုင်းရင်းသားလက်နက်ကိုင်တွေဆီကလည်း ဝယ်ယူခဲ့ပါတယ်။ UWSA နဲ့ တရုတ်က ရင်းနှီးတဲ့မိတ်ဘက် တွေဖြစ်ပြီး UWSA ရဲ့နယ်မြေအတွင်း တရုတ်လက်နက်ထုတ်လုပ်တဲ့ စက်ရုံတွေရှိတယ်လို့ UWSA ကပြောဆို ထားပါတယ်။ ဒါကြောင့်လည်း လက်နက်နဲ့ပတ်သက်တဲ့ အကျိုးခံစားခွင့်က UWSA နဲ့နီးကပ်တဲ့အဖွဲ့တွေမှာ ပိုပြီးရှိနေပါတယ်။ UWSA က အေအေလည်းပါဝင်သလို မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ရဲ့ ဖက်ဒရယ်နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုဆိုင်ရာကော်မတီ – FPNCC ကိုဦးဆောင်နေပါတယ်။ ဘေဂျင်းက အေအေကိုဩဇာလွှမ်းမိုးနိုင်ဖို့ FPNCC ကိုအသုံးချနေတယ်လို့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။
အေအေရဲ့ လက်နက်တိုက်တွေဆီကို ခေတ်မီဆန်းပြားတဲ့တရုတ်လက်နက်တွေ စီးဆင်းနေတာက အေအေ ကို တရုတ်ရဲ့ကျောထောက်နောက်ခံပြုနေမှုအပေါ် အားကောင်းစေပါတယ်။ ၂၀၂၀ ခုနှစ် ဇူလိုင်လမှာ ထိုင်းစစ်တပ်က မြန်မာနဲ့ထိုင်းနယ်စပ်ကနေ ဒေါ်လာ ၁ သန်းတန်ဖိုးရှိတဲ့ တရုတ်လက်နက် အများအပြား ဖမ်းဆီးရမိခဲ့ပါတယ်။
ဒီလက်နက်တွေက အေအေ နဲ့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှာလှုပ်ရှားနေတဲ့ သောင်းကျန်းသူအဖွဲ့တွေ အတွက်ဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလကလည်း မြန်မာစစ်တပ်က တရုတ်လုပ် လက် နက်တွေဖြစ်တဲ့ FN6 လေယာဉ်ပစ်လက်နက်တွေ၊ RPG တွေအပြင် အေအေရဲ့မဟာမိတ်ဖြစ်တဲ့ မြောက် ပိုင်းမဟာမိတ်အဖွဲ့ TNLA ရဲ့ကျည်တောင့် ၄၀၀၀၀ အပါအဝင် တခြားလက်နက်တွေ သိမ်းဆည်းရမိခဲ့ပါ သေးတယ်။
နောက်ထပ်ထူးခြားချက်တစ်ခုက အိန္ဒိယနိုင်ငံရဲ့ ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းနဲ့ မတူဘဲ တရုတ်ရဲ့စီမံကိန်းတွေအပေါ် အေအေက ပစ်မှတ်ထားတိုက်ခိုက်တာမျိုး မရှိတဲ့အချက်ပါ။ အေအေရဲ့ ပြောရေးဆိုခွင့်ရ ဦးခိုင်သုခ က ၂၀၂၀ ခုနှစ် မတ်လကထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာလည်း “တရုတ်က မိမိတို့အား အသိအမှတ်ပြုသော်လည်း အိန္ဒိယက ထိုသို့မဟုတ်” လို့ထုတ်ပြန်ခဲ့တဲ့အတွက် အေအေနဲ့ ဘေဂျင်းရဲ့ ဆက်စပ်နေမှုကို ထပ်ပြီးဖော်ပြခဲ့ပါတယ်။
တရုတ်နှင့်ချိတ်ဆက်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် AA ချိတ်ဆက်နေမှု
___
UWSA လို EAOs အများအပြားနဲ့မတူဘဲ ဘေဂျင်းကAA ကို တိုက်ရိုက်ကျောထောက်နောက်ခံပေးတာမျိုး မရှိပါဘူး။ အဲဒီလိုဆောင်ရွက်မယ့်အစား တရုတ်နိုင်ငံက သူရဲ့မဟာဗျူဟာနဲ့အကျိုးစီးပွားတွေ လုံခြုံစေဖို့ အတွက် အခြား EAO တွေကတဆင့် AA ဆီကို လက်နက်နဲ့အခြားအရင်းအမြစ်တွေ ချိတ်ဆက်ထားပါတယ်။ AA ကို တရုတ်က သွယ်ဝိုက်ထောက်ခံပေးနေတာက မြန်မာနိုင်ငံမှာ ဘေဂျင်းရဲ့ဩဇာကို ဆက်ပြီးထိန်းသိမ်း ဖို့နဲ့ EAO တွေနဲ့ အစိုးရကြား ဟန်ချက်ညီအောင်လုပ်ဆောင်မှုရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ AA နဲ့သာ အချိတ် အဆက်မိပြီဆိုရင်တော့ ဘေဂျင်းက သူရဲ့အခြေခံအဆောက်အအုံပရောဂျက်တွေကို ကာကွယ်နိုင်ပါပြီ။
ဆွီဒင်သတင်းထောက် ဘာတီးလ်လင့်တနာကတော့ တရုတ်ရဲ့မြန်မာနိုင်ငံအပေါ် ပေါ်လစီကို “မီးစတစ်ဖက် ရေမှုတ်တစ်ဖက်ပေါ်လစီ” အဖြစ် ရှင်းပြခဲ့ပါတယ်။ တရုတ်နိုင်ငံက တစ်ဖက်မှာလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနေသလို ကုလသမဂ္ဂလုံခြုံရေးကောင်စီလို နိုင်ငံတကာအဖွဲ့အစည်းတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကနေ မြန်မာနိုင်ငံကို ကာကွယ်ပေးနေပါတယ်။ တစ်ဖက်မှာလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေလိုအပ်တဲ့ ရန်ပုံငွေနဲ့လက်နက်တွေ ထောက်ပံ့ပေးနေပါတယ်။
တကယ်တမ်းတော့ တရုတ််က ရခိုင်ပြည်နယ်မှာ AA လိုအဖွဲ့အစည်းမျိုးရှိနေတာကို မနှစ်သက်ပါဘူး။ AA ရှိနေတာက သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေအတွက် မလိုလားအပ်တဲ့ မတည်ငြိမ်မှုတွေကို ဖြစ်စေတယ်လို့ရှု မြင်ထားပါတယ်။ မြန်မာနိုင်ငံမှာ တရုတ်ရဲ့စီးပွားရေး ပရောဂျက်တွေ အဆင်ပြေပြေလည်ပတ်နိုင်ဖို့အတွက် တည်ငြိမ်တဲ့ အခြေအနေတစ်ရပ်ရှိနေဖို့လိုပါတယ်။ AA ရဲ့တောင်းဆိုချက်တွေကို မြန်မာစစ်တပ်က လိုက်လျောမှာ မဟုတ်ဘူးလို့ ဘေဂျင်းကရိပ်မိပါတယ်။ AA ရဲ့ရပ်တည်မှုက မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်ရဲ့ အကျိုးစီးပွားတွေကို ထိခိုက်စေပါတယ်။
ပထမအချက်အနေနဲ့ အကြမ်းဖက်မှုတွေနဲ့ မတည်ငြိမ်မှုတွေက တရုတ်ပရောဂျက်တွေနဲ့ တရုတ်တွေရဲ့ လုပ်ငန်းဆောင်တာတွေအပေါ် အကျိုးသက်ရောက်စေပါတယ်။ ဒုတိယအချက်က နယ်စပ်လုံခြုံရေးက မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်ရဲ့အကျိုးစီးပွားတွေအတွက် အရေးကြီးတဲ့ကဏ္ဍတစ်ခုဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့တရုတ် အိမ်နီးချင်းဖြစ်နေတာက တခြားသူတွေ ဝင်ရောက်လာမှာကနေ ကာကွယ်ပေးနိုင်လိမ့် မယ်လို့ တရုတ်က ယုံကြည်ထားပါတယ်။ AAနဲ့စစ်တပ်အကြား ဖြစ်နေတဲ့ မတည်ငြိမ်မှုတွေက နိုင်င ံတကာကိုဝင်ရောက်ဖို့ တွန်းအားပေးနေသလိုပါပဲ။ ဒါက တရုတ်ရဲ့ အကျိုးစီးပွားမဟုတ်ပါဘူး။
တတိယအချက်ကတော့ AA ဟာ အင်အားကြီးမားတဲ့အဖွဲ့အဖြစ် တည်ရှိနေတဲ့အတွက် အစိုးရနဲ့ AA ကြား ဟန်ချက်ညီနေတာမျိုးကိုပဲ ဘေဂျင်းကလိုအပ်ပါတယ်။ စတုတ္ထအချက်အနေနဲ့ မြန်မာစစ်တပ်နဲ့ နေပြည်တော်က တရုတ်နဲ့ EAO တွေကြားက ဆက်ဆံရေးအပေါ် သံသယရှိနေခဲ့တာ ကြာပါပြီ။ AA ကို တရုတ်က တိုက်ရိုက်ထောက်ပံ့ပေးခြင်းက ဒီအချက်ကို ပိုပြီးဆိုးရွားစေပါလိမ့်မယ်။
ဘယ်လိုပဲဖြစ်နေပါစေ။ မြန်မာတစ်နိုင်ငံလုံးကို စစ်တပ်က မထိန်းချုပ်နိုင်တော့ဘူးဆိုတဲ့ အမှန်တရား ကြောင့် ဘေဂျင်းက မြန်မာနိုင်ငံမှာရှိနေတဲ့ သူရဲ့စီးပွားရေးတွေနဲ့ ဗျူဟာမြောက်အကျိုးစီးပွားတွေကို ကာကွယ်နိုင်ဖို့ EAO တွေနဲ့ အစိုးရနှစ်ရပ်လုံးနဲ့ ချိတ်ဆက်ဖို့လိုအပ်ပါတယ်။
AA ရဲ့ရခိုင်ပြည်နယ်မှာ ကျောက်ဖြူဆိပ်ကမ်းနဲ့ တရုတ်-မြန်မာ ရေနံနဲ့သဘာဝဓာတ်ငွေ့ ပိုက်လိုင်းလို စီး ပွားရေးအရရော မဟာဗျူဟာအရပါ အရေးပါတဲ့ BRI ပရောဂျက်တွေရဲ့ အချက်အချာတွေ ရှိနေပါတယ်။ ဘူမိမဟာဗျူဟာရှုထောင့်အားနည်းချက်ကိုလျှော့ချဖို့ ဒီစီမံကိန်းတွေက တရုတ်အတွက် အရေးကြီးပါတယ်။ ဒါကြောင့်လည်း ဘေဂျင်းရဲ့ရည်မှန်းချက်ကြီးတဲ့ ပရောဂျက်တွေ အနှောင့်အယှက်မဖြစ်ရအောင်အတွက် AA နဲ့ချိတ်ဆက်မှုတွေ ထူထောင်ဖို့ လိုအပ်ပါတယ်။
အထက်ကဖော်ပြခဲ့တဲ့ အကြောင်းတွေကြောင့် AA ကိုတရုတ်ကျောထောက်နောက်ခံပြုခြင်းက အခြေအနေ အရဖြစ်ပေါ်လာပါတယ်။ ကြာမြင့်ခဲ့ပြီဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ လူမျိုးရေးပဋိပက္ခတွေ အဆုံးသတ်သွားဖို့ ဘေဂျင်းကမမြင်သေးပါဘူး။ ဒါကြောင့်လည်း အေအေအပါအဝင် ကျန်တဲ့ EAO တွေနဲ့ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်တဲ့ထိတွေ့ဆက်ဆံမှုတွေကို ဘေဂျင်းက ဆက်ပြီးဆောင်ရွက်ဖို့ မျှော်လင့်ရသလို တိုင်းရင်းသား ပဋိပက္ခတွေကနေ အမြတ်ထုတ်ပြီး နေပြည်တော်နဲ့ ဆက်ဆံရေးကိုလည်း ဆက်ပြီး ထိန်းသိမ်းထားဦးမှာပဲ လို့ ဆဝါးနိုင်ပါတယ်။
People’s Radio Myanmar ရဲ့ ပင်တိုင်ဆောင်းပါးရှင်ဘုန်းမောင် ရဲ့ သတင်းဆောင်းပါး
“The Arakan Army and China’s Relationship with Ethnic Armed Organizations in Myanmar” ကို ဆီ လျော်အောင်ရေးသားသည်။