ရေးမြို့နယ်ရှိ ကားဂိတ်တွေမှာ စစ်ကောင်စီတပ်က လူငယ်တွေကိုအဓိကထားစစ်ဆေးလာ

ဇွန်လ ၂၂ရက် ၂၀၂၄ ခုနှစ်

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ကားဂိတ်တွေမှာ စစ်ကောင်စီတပ်က အရင်ကထက် အစစ်အဆေးတင်းကြပ်လာပြီး လူငယ်တွေကို အဓိကထားစစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန်လ ၁၉ ရက်နေ့လောက်ကစပြီး ရေးမြို့နယ် အဏ္ဏဝါအဝေးပြေးဂိတ်မှာ စစ်ကောင်စီတပ်က အထိုင်ချထားပြီး ဝင်လာတဲ့ ကားပေါ်က လူငယ်တွေရဲ့ အထုတ်တွေကို ဖွင့်ဖောက်စစ်တာတွေကို ပြုလုပ်လာတယ်လို့ ရေးမြို့ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“ အရင်က ကားပေါ်တက်စစ်တာတွေမရှိဘူး၊ ကားဂိတ်မှာ လာနေတာလောက်ဘဲရှိတယ်၊ အခုနောက်ပိုင်းမှ ကားပေါ်တက်စစ်တာ၊ အထုတ်တွေအကုန်စစ်တယ်၊ ပါဆယ်ပို့တဲ့ အထုတ်တွေကိုလည်း စစ်တယ်၊” လို့ သူကပြောပါတယ်။

အခုလို စစ်ကောင်စီတပ်က ကားဂိတ်မှာ အထိုင်ချပြီး စစ်ဆေးတာတွေကို ပြုလုပ်နေတာကြောင့် ခရီးသွားလာသူတွေ နည်းပါနေတဲ့အပြင် ကားဂိတ်ထဲက ဈေးဆိုင်တွေလည်း မဖွင့်ရဲဘဲ ပိတ်ထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် ရေးမြို့ထဲရှိ အထက ၁ ကျောင်းရှေ့နဲ့ လူစည်ကားတဲ့ လမ်းဆုံမီးပွိုင့်တွေမှာ စစ်ကောင်စီတပ်တွေနဲ့ နည်းပညာကျွမ်းကျင်တဲ့လူတွေက ဒေသခံတွေရဲ့ ဖုန်းထဲမှာ VPN စစ်ဆေးတာတွေကို ပြုလုပ်နေပြီး ဖုန်းထဲမှာ VPN တွေ့ပါက ငွေကျပ် ၂သိန်းအထိ တောင်းခံနေတယ်လို့ ရေးမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

“ မီးပွိုင့်တွေမှာ ဂိတ်ချပြီး စစ်တာနေ့တိုင်းဘဲ၊ လမ်းသွားလမ်းလာအကုန်ကို စစ်တာ၊ စစ်သားလိုဝတ်ထားတဲ့ လူတွေလည်း ရှိတယ်၊ အရပ်ဝတ်နဲ့ ဖုန်းစစ်တဲ့လူတွေလည်း ရှိတယ်၊” လို့သူကပြောပါတယ်။

လက်ရှိအချိန် ရေးမြို့ထဲရှိ ဒေသခံပြည်သူတွေရဲ့ ဖုန်းထဲမှာ VPN တွေ့လို့ ငွေကျပ် ၂သိန်းပေးဆောင်ရတာ ၁၀ ဦးကျော်လောက် ရှိပြီးဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အခုရက်ပိုင်း ရေးမြို့ထဲမှာ စစ်ကားတွေနဲ့ ကင်းပတ်တာတွေကို ဆက်တိုက်ပြုလုပ်နေသလို အရပ်ဝတ်တွေနဲ့ ကင်းပတ်တာတွေကိုလည်း ပြုလုပ်နေကြတယ်လို့ ဒေသခံတွေရဲ့ ပြောစကားအရ သိရပါတယ်။

သတင်း-ကိုဖြိုး
ပုံစာ။ ရေးမြို့ အဏ္ဏဝါကားဂိတ်
Phar Si Than(People’s Radio Myanmar)