ရေးမြို့နယ်မှာ စစ်တပ်နဲ့ ရပ်ကွက်လူကြီးတွေပူးပေါင်းပြီး ဧည့်စာရင်း စစ်တာတွေကို ဆက်တိုက်ပြုလုပ်နေ

ဇွန်လ ၁၉ရက် ၂၀၂၄ခုနှစ်

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ စစ်တပ်နဲ့ စစ်ကောင်စီခန့် ရပ်ကွက်လူကြီးတွေပူးပေါင်းပြီး ဧည့်စာရင်း စစ်တာတွေကို ညတိုင်းနီးပါးပြုလုပ်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရေးမြို့ထဲရှိ ရပ်ကွက်တွေမှာ ဇွန်လ ၁၄ ရက်ကစပြီး ဧည့်စာရင်း စစ်တာတွေကို ဆက်တိုက်ပြုလုပ်နေပြီး လူငယ် ၂၀ ကျော်ဖမ်းဆီးခံရကာ အဆိုပါဖမ်းဆီးထားတဲ့သူတွေကို  ဇွန်လ ၁၅ ရက်နေ့လောက်မှ ပြန်လည်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ ဧည့်စာရင်းစစ်တာတွေကို ဆက်တိုက်လုပ်လာတာပါ၊ အဓိက ကတော့ လူငယ်တွေကို ပိုစစ်လာတယ်၊ ဧည့်စာရင်း မတိုင်ရင် ရဲစခန်းကို ဖမ်းခေါ်သွားတယ်၊ နောက်နေ့မှ ငွေ ငါးသောင်းကနေ တစ်သိန်းလောက်ပေးပြီးမှပြန်လည်လွတ်ပေးတယ်” လို့ သူကပြောပါတယ်။

ဒါ့အပြင် အခုလို ဧည့်စာရင်း စစ်တာတွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့နောက်ပိုင်းမှာလည်း ရေးမြို့နယ်ရှိ ရပ်ကွက်ရုံးတွေမှာ ဧည့်စာရင်းတိုင်တဲ့လူပိုမိုများပြားလာတဲ့အပြင် ဧည့်စာရင်းတိုင်တဲ့လူ တစ်ဦးကို ငွေကျပ် ၁၀၀၀၀ ပေးဆောင်ရတယ်လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

“ အရင်ကတော့ ဧည့်စာရင်းတိုင်တဲ့လူနည်းတယ်၊ အခုဆိုရင် တစ်ရက်ကို ၃၀ လောက်ဧည့်စာရင်း လာတိုင်ကြတယ်၊ အရင်ကတော့ ပိုက်ဆံသိပ်မတောင်းဘူး၊ တောင်းရင်လည်း နည်းနည်းဘဲ၊ ၁၀၀၀လောက်ဘဲ၊ အခုနောက်ပိုင်းက တစ်ယောက် ၁၀၀၀၀ ပေးရတယ်၊” လို့ သူကပြောပါတယ်။

လက်ရှိအချိန် ရေးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရင်းတွေနဲ့ နယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီး‌ေနာက်ပိုင်း အခုလို ဧည့်စာရင်း စစ်တာတွေကို ပြုလုပ်နေတာ ဖြစ်နိုင်တယ်လို့လဲ ဒေသခံတွေဆီက သိရပါတယ်။

အလားတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာလည်း စစ်တပ်နဲ့ စစ်‌ေကာင်စီခန့် ရပ်ကွက်လူကြီးတွေ ပူးပေါင်းပြီး ဧည့်စာရင်းစစ်တာနဲ့ မြို့အဝင်အထွက်နေရာတွေမှာ သွားလာသူတွေကို စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောစကားအရ သိရပါတယ်။

သတင်း-ကိုဖြိုး
ပုံစာ။ ရေးမြို့
Phar Si Than(People’s Radio Myanmar)