ပြည် မြို့ မှာ အိမ်သုံး လျှပ်စစ် ပန်ကာဖွင့်ထားရာကနေ အပူလွန် ကဲ လို့ မီးလန့် / မီး လောင် မှု့  ဖြစ်ပွား

ဇွန်လ ၁၂ ရက်၊ ၂၀၂၄ခုနှစ်

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပြည်မြို့ လမ်းမတော်လမ်း၊ ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ဆွေးနွေးဘုရားလမ်းနဲ့ တပ်လမ်းကြား မြင့်ပေါင်မုန့်တိုက်ဘေးက မကေသီ လွယ်အိတ်ဆိုင်မှာ ဇွန်လ ၁၁ ရက်နေ့ ည ၈ နာရီ ခန့်မှာ မီးလန့် /မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါမီးလောင်မှုကို ပြည်မြို့နယ်ရှိ ဒေသတွင်း မီးသတ်တပ်ဖွဲ့က ည ၈ နာရီ ၄၅ မိနစ်ခန့်မှာ သွားရောက်ငြိမ်းသတ်ခဲ့ပြီး မီးလောင်မှု ကြာမြင့်ချိန် ၁၅ မိနစ်ခန့်ပဲရှိတယ်လို့ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးထံက သိရပါတယ်။

“ လောင်တာက ပန်ကာက အပူလွန်ကဲပြီးလောင်တာ လောင်တာက ၁၅ မိနစ်လောက်ပဲ ကြာတယ် အချိန်မှီရောက်သွားတော့ပြန် ငြိမ်းသွားတယ်” လို့ သူကဆိုပါတယ်။

မီးလောင်မှုကြောင့် အဝတ်အစားအနည်းငယ်သာ လောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှူံးမှုမများဘူးလို့  မီးငြိမ်းသတ်ရာမှာ ပါဝင် တဲ့ မီးသတ်တပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။

အဆိုပါမီးလောင်မှုကြောင့် ရပ်ကွက်အတွင်းမှာ လျှပ်စစ် ဝါယာကြိုး မီး လောင် ညှော်နံ့တွေရရှိခဲ့တယ်လို့ လမ်းမတော်မှာ နေထိုင်တဲ့ ပြည်မြို့ဒေသခံက ပြောပါတယ်။

“ မီးလောင်တာတော့ ဘာကြောင့်လောင်တယ်ဆိုတာ မသိဘူး လမ်းသုံးခုလောက်ထိတော့ ဝါယာညှော်နံတွေ နံစော်နေတာပဲ မီးသတ်ကားတွေရောက်လာပြီး မကြာဘူး ငြိမ်းသွားတယ်” လို့ ဆိုပါတယ်။

ပြီးခဲ့ မေလ ၂၅ ရက်ကလည်း ပြည်မြို့ပေါ် ကကျောင်းကြီးအိုးတန်းရပ်ကွက်၊ ဆွေးနွေးဘုရားလမ်းရှိ တက်နေလင်းဆေးဆိုင်  မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆေးပစ္စည်းဂိုဒေါင် ပြုလုပ်ထားတဲ့ နေအိမ်တစ်လုံး၊ ဆေးဝါးပစ္စည်း ကာလတန်ဖိုး သိန်း (၅၀၀၀) ဖိုး ခန့်ဆုံးရှုံး ခဲ့ ပြီး ဆိုင်ကယ်တစ်စီး နဲ့ ဘတ်ထရီစက်ဘီးတွေ မီး လောင် ပျက်စီးခဲ့ တယ်လို့ သိရပါတယ်။

သတင်း- Naw Drizzle

ပုံ- လူမှုကွန်ရက်