
ဇွန်လ ၁၂ရက် ၂၀၂၄
ကရင်ပြည်နယ်၊မြဝတီမြို့မှာရှိတဲ့ ဆန်ဆိုင်တွေမှာ ဇွန်လ ၁၁ရက်နေ့မနက်ပိုင်း ကတည်းက ပိတ်ထားတာကြောင့် ဆန်တွေဝယ်မရပဲဖြစ်နေတယ်လို့ ဒေသခံတွေ ဆီကနေသိရပါတယ်။
ဒီနေ့ ဇွန်လ ၁၂ရက်နေ့မနက်ပိုင်းမှာတော့ဆန်ဆိုင်တချို့မှာဆန်ကြမ်း ၆ပြည် အိတ် သေးတစ်အိတ်ကို ၃၅၀၀၀၊၄၀၀၀၀ ကျပ်နှုန်းနဲ့ လူဦးရေးအကန့်အသတ်နဲ့ရောင်းချပေးနေတာဖြစ်ပြီးဆန်ဆိုင်အများစုမှာတော့ဆက်လက်ပိတ်ထားဆဲဖြစ်တယ်လို့ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
“လူတွေကလည်းဘယ်နှပြည်လည်း မမေးအားဘူး ရောင်းပေးရင်တော်ပြီ ဆိုင်တံခါးတစ်ခြမ်းပိတ်ပြီး အိတ်သေးလေးတွေကိုရောင်းပေးနေတာ ခဏနေရင်ကုန်ပြီးပြောတယ် ဆိုင်ထဲမှာတော့ အိတ်ကြီးတွေတွေ့ရတယ် ဈေးထိန်းရောင်းနေတဲ့သဘောထင်တယ်”လို့သူကပြောပါတယ်။
တချိုု့ဆန်ဆိုင်ကြီးတွေကလည်း အရင် ၂၀၀၀၀၀ ကျပ်ပေးဝယ်ရတဲ့ ပေါ်ဆန်းမွှေးတစ်အိတ်ကို အခုအချိန်မှာ ၂၈၀၀၀၀ ကျပ်နဲ့ရောင်းချနေ ကြတာလည်းဖြစ်ပါတယ်။
ဒါ့အပြင် ဒေသခံအများစုမှာထိုင်းနိုင်ငံရှိဆန်ကို ဝယ်ယူစားသုံးနေကြရပြီး အချိန်ကာလကြာမြင့်လာရင်ပျံကျလက်လုပ်လက်စား ရပ်ကွက်သားတွေမှာ အခက်အခဲတွေရှိလာနိုင်တယ်လို့ နောက်ထပ်မြို့ခံအမျိုးသားတစ်ဦးကဆိုပါတယ်။
“စိတ်တိုင်းကျအရင်က၂သိန်းကိုအခု၂သိန်း၈သောင်းမနက်တော့ဆန်ကြမ်း၆ပြည်အိတ်ကို ၄သောင်းနဲ့ရောင်းပေးတယ် အခုတော့ထိုင်းဆန်ကိုအားကိုးရမှာပေါ့ ထိုင်းဆန်ကလည်း၅ကီလိုကို ၃၀၀ ဆိုတော့ ကီလိုများရင်အဆင်မပြေတော့ပြန်ဘူး လက်လုပ်လက်စားတွေကပိုဒုက္ခရောက်တာပေါ့ထိုင်းဆန်ကတော့ေစျးမပြောင်းသေးဘူး”သူကဆိုပါတယ်။
အခုလို ဆန်တွေဝယ်လို့မရပဲ ဆိုင်တွေပိတ်ထားရတာဟာ မြဝတီနဲ့ကော့ကရိတ်မြို့ကို အဓိကသွားလာရာလမ်းတွေဖြစ်တဲ့ ထို့ကော်ကိုးလမ်း၊ကြက်ဥတောင်လမ်း၊၁၀၁၈လမ်းနဲ့ ဒေါနတောင်ပေါ်လမ်းဟောင်းမှာ မိုးသည်းထန်စွာရွာသွန်းတဲ့အတွက် လမ်းအပျက်အစီးများ တာ၊တောင်ပြိုတာတွေကြောင့် ကုန်ကားအများစုလမ်းပိုင်းမှာပိတ်မိနေတာဖြစ်တယ်လို့ ဆိုပါတယ်။
ကရင်ပြည်နယ်အတွင်းကဒေသတွေမှာ ပြီးခဲ့တဲ့ မေလနောက်ဆုံးအပတ်လောက်ကနေစပြီး လမ်းတွေပိတ်ဆို့တာ၊ဘတ်ငွေဈေးနှုန်းမတည်ငြိမ်တာတွေကြောင့် ကုန်ဈေးနှုန်းတွေတစ်စတစ်စမြင့်တက်လာတာဖြစ်တယ်လို့ ဒေသတွင်းအရင်းအမြစ်တွေရဲ့ပြောပြချက်အရသိရပါတယ်။
သတင်း-နော်ဖူးဖူး
ပုံစာ-မြဝတီမြို့ရှိဆန်ဆိုင်တချို့ဆန်အကန့်သတ်နှင့်ရောင်းနေပုံ
Phar Si Than (People’s Radio Myanmar)