
ဇွန်လ ၁၁ ရက် ၂၀၂၄ ခုနှစ်
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်စစ်ဆေးရေးဂိတ်ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့လို့ဒေသခံ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ – ၁ ဆီက သိရပါတယ်။
ဇွန်လ ၁၀ ရက်နေ့ ညနေ ၃နာရီ ၄၅ မိနစ်လောက်မှာ မုပ္ပလင်စစ်ဆေးရေးဂိတ်အနီးကို ညီနောင် EROတွေနဲ့အတူ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ – ၁ တို့က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ပြီးေနာက် အဆိုပါဂိတ်ကနေ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့လို့ အမျိုးသမီးတစ်ဦး နဲ့ အမျိုးသားတစ်ဦး ထိမှန်သွားတယ်လို့ဆိုပါတယ် ။
” ဖျက်အားပြင်းဗုံးသီးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာပါ၊ စခအကျအဆုံးကိုတော့ မသိရသေးပါဘူး၊ ကျွန်တော်တို့ပစ်ပြီးတော့ သူတို့က ၆၀ မမ နဲ့ ပြန်ပစ်တယ်၊ဒေသခံနှစ်ဦးက ဒဏ်ရာရရှိခဲ့တယ်မစိုးရိမ်ရပါဘူး” လို့ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ – ၁ က ရဲဘော်ကိန်းက ပြောပါတယ်။လို့ ပြောပါတယ်။
အခုလို ဒရုန်းနဲ့ ပစ်ခံရပြီးနောက်ပိုင်း မုပ္ပလင်ဂိတ်အနီးတစ်ဝိုက်မှာ အစစ်အဆေးတင်းကြပ်ခဲ့သလို လမ်းတွေကိုလဲ ပိတ်ထားပြီး စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ဆိုပါတယ် ။
ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ – ၁ အနေနဲ့ အခုလို မုပ္ပလင်စစ်ဆေးရေးဂိတ်ကို သွားရောက်ပစ်ခတ်တိုက်ခိုက်တာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သူက ဆိုပါတယ် ။
အဆိုပါ မုပ္ပလင်စစ်ဆေးရေးဂိတ်ဟာ စစ်အာဏာမသိမ်းခင်ထဲက ရှိခဲ့တာဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာလဲ မကြာခဏ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရတာနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ေရာက်ပစ်ခတ်ခဲ့တာတွေလဲ ရှိခဲ့တယ်လို့ သိရပါတယ် ။
ဒါ့အပြင် ကျိုက်ထိုမြို့အနီးတစ်ဝိုက်ရှိ စစ်ဆေးရေးဂိတ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မကြာခဏ ဝင်ရောက်ပစ်ခတ်လေ့ရှိပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် အထက်အင်္ဂဘိုရွာအနီးရှိ လက်ပံပင်စစ်ဆေးရေးဂိတ်ကို ညီနောင် EROတွေနဲ့အတူ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ – ၁ တို့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
သတင်း-ကိုဖြိုး
ပုံစာ။တိုက်ခိုက်ခံခဲ့ရတဲ့ မုပ္ပလင်စစ်ဆေးရေးဂိတ်
Phar Si Than(People’s Radio Myanmar)