
ဒီဇင်ဘာလ ၉ရက်၊ ၂၀၂၃ခုနှစ်
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်း တပ်ဖွဲ့တို့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြပြီး KNLAပူးပေါင်းတပ်ဖွဲ့တွေဘက်မှ ရဲဘော်နှစ်ဦးကျဆုံးကာခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ဒီဇင်ဘာလ ၈ရက်နေ့မနက်၁၀နာရီဝန်းကျင်အချိန်မှာ စစ်တပ်ဘက်ကလေယာဉ်နဲ့ ရိက္ခာလာချချိန် ကျေးရွာအနီးတစ်ဝိုက်ကို ဂျက်ဖိုက်တာနဲ့ ပြန်လည်ပစ်ကူပေးခဲ့ပြီး ရိက္ခာလာသယ်တဲ့ စစ်သားတွေနဲ့ KNLAပူးပေါင်းတပ်တို့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့် KNLAပူးပေါင်းတပ်ဖွဲ့တွေဘက်မှ ရဲဘော်နှစ်ဦးကျဆုံးပြီး (၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ချောင်းနှစ်ခွကျေးရွာသားတစ်ဦးကပြောပါတယ်။
“အခုအခြေနေကတိုက်ပွဲဖြစ်လိုက်ငြိမ်လိုက်မနေ့ကတော့လေယာဉ်(၂)စီးနဲ့ရိက္ခာလာချတယ်ရွာပတ်ပတ်လည်ကိုပတ်ပစ်သွားတယ်တစ်ပတ်တစ်ခါနှစ်ပတ်တစ်ခါလောက်ရိက္ခာတွေလက်နက်တွေလာချတယ်တိုက်ပဲဖြစ်တာကတော့ဟုတ်တယ် ရိက္ခာလာကောက်တဲ့ဘက်ကိုပစ်တာ ပြန်ပြန်လှန်လှန်ပစ်ခတ်မှု ဖြစ်ပြီးတော့ PDFဘက်ကနှစ်ယောက်ကျတယ်နှစ်ယောက်ဒဏ်ရာရထားတယ်”လို့သူကပြောပါတယ်။
အခုလက်ရှိအချိန်မှာလည်းတောင်ကလေးကျေးရွာ အရှေ့ပိုင်းနဲ့ အလယ်ပိုင်းကိုလည်း စစ်တပ်ဘက်ကအင်တာနက်လိုင်းတွေဖြတ်တောက်ထားတယ်လို့တောင်ကလေးကျေးရွာသားတစ်ဦးက ပြောပါတယ်။
“ရွာမှာတော့လိုင်းမရတော့ဘူး အရှေ့နဲ့အလယ်မှာ လိုင်းတွေဖျက်ထားတယ် အခုလက်ရှိက လိုင်းကရတဲ့အခါပဲရတာ ရတစ်ချက်မရတစ်ချက်ဖြစ်နေတာ မရတာကပိုများနေတယ် မနေ့ကတော့လေယာဉ်လာသေးတယ်ပစ္စည်းလာချတာပဲ”လို့သူကပြောပါတယ်။
ဒါ့အပြင်တောင်ကလေးစခန်းကနေလည်း ချောင်းနှစ်ခွကျေးရွာဘက်ကို လက်နက်ကြီးပစ် ခတ်တာမျိူးကြဲသွားပေမဲ့ လှကဇိုင်းကျေးရွာနဲ့ခလယ်ကျေးရွာဘက်ကိုတော့ အမြဲလိုလို လက်နက် ကြီးနဲ့ပြန်လည်ပစ်ခတ်နေတယ်လို့ ချောင်းနှစ်ခွဒေသခံတွေကဆိုပါတယ်။
ကျိုက်မရောမြို့နယ်အတွင်းကချောင်းနှစ်ခွကျေးရွာအတွင်းမှာ တိုက်ပွဲဖြစ်ပွားတာ တစ်လနီးပါးကြာမြင့်နေပြီဖြစ်ပြီး အခုလိုတိုက်ပွဲအတွင်း စစ်တပ်ဘက်ကကော KNLAပူးပေါင်းတပ်ဖွဲ့တွေဘက်ကပါ ထိခိုက်သေဆုံးတာတွေဆက်ရှိနေတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ၁၀ရက်နေ့ကနေ အခုဒီဇင်ဘာလ၉ရက်နေ့အထိကို နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် မိကသစ်ကျေးရွာက ဘုန်းကြီးတစ်ပါးနဲ့ ပေါလောကျေးရွာကကလေးငယ်နှစ်ဦးသေဆုံးခဲ့ပြီး ချောင်းနှစ်ခွကျေးရွာက နေအိမ်အလုံး(၄၀)လောက်မီးလောင်ကာ ဒေသခံ(၄၀၀၀)ဝန်းကျင်လောက် စစ်ဘေးဆက်လက်တိမ်းရှောင်နေရတယ်လို့ အရပ်လူမှုကူညီသူတွေရဲ့ပြောပြချက် အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ပုံ – Cj
Phar Si Than (People’s Radio Myanmar)