[videopress Il7z1txW]
ဇွန်လ ၁၀ရက် ၂၀၂၄ခုနှစ်
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၊ အထက်အင်္ဂဘိုရွာအနီးရှိ လက်ပံပင်စစ်ကောင်စီတပ်ဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ ၁ ကသတင်းထုတ်ပြန်ထားပါတယ်။
ဇွန်လ ၉ ရက်နေ့ နေ့လည် ၁ နာရီခွဲလောက်မှာ လက်ပံပင် စစ်တပ်ဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှု အခြေအနေကိုတော့ မသိရသေးဘူးလို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ ၁ က ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ကိန်းက ဆိုပါတယ်။
“ ဗုံးသီးက ၁လုံးဘဲတိုက်ခိုက်ခဲ့တာပါ၊ စခတွေရဲ့ တဲတည့်တည့်ကို ကျတာပါ၊ စခအကျအဆုံးတော့ အတိအကျမသိရသေးပါဘူး၊ တိုက်ခိုက်ခံရတဲ့အချိန်မှာ ပြန်လည်ပြီးတော့ ရမ်းသမ်းပစ်ခတ်တာရှိပါတယ်၊ ” လို့ သူကပြောပါတယ်။
အခုလို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်တပ်က သေနတ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေအပြင် လက်ပံပင်ဂိတ်အနီးတစ်ဝိုက်မှာလည်း အစစ်အဆေးတင်းကြပ်တာတွေလုပ်ဆောင်ခဲ့သေးတယ်လို့ အင်္ဂဘိုရွာ ဒေသခံတစ်ဦးက ပြောပါတယ်။
“ ရမ်းပစ်တာကတော့ ခနလေးပါဘဲ၊ အစစ်အဆေးကတော့ ကြမ်းသွားတယ်၊ ပုံမှန်အဲ့နားကဖြတ်ရင် ဂရုတောင်မစိုက်ဘူး၊ မနေ့ကတော့ ဆိုင်ကယ်၊ ကားတွေအကုန်စစ်တယ်၊ အကုန်လိုက်ကြည့်တယ်၊” လို့ သူကပြောပါတယ်။
တိုက်ခိုက်ခံရတဲ့ လက်ပံပင် စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်သား အင်အား ၂၀ ဝန်းကျင်လောက်သာရှိပြီး အဆိုပါဂိတ်ဟာ စစ်ကောင်စီ အာဏာမသိမ်းခင်ကတည်းထဲကရှိနေတာဖြစ်သလို အခုလို တိုက်ခိုက်တာဟာ ပထမအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။
ကျိုက်ထိုမြို့အနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြား တိုက်ပွဲတွေမကြာခဏဖြစ်ပွားလေ့ရှိသလို၊ စစ်တပ်ဂိတ်တွေကိုလည်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာတွေလည်း မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။
ပြီးခဲ့တဲ့ မေလ လလယ်ပိုင်းလောက်တုန်းကလည်း အင်္ဂဘိုရွာအနီးကို စစ်တပ်က အင်အား ၅၀ လောက်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ရတာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။
သတင်း-ကိုဖြိုး
video-ဇွန်လ ၉ ရက်နေ့က လက်ပံပင်စစ်ဆေးရေးဂိတ် ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ရုပ်သံ
Phar SI Than(People’s Radio Myanmar)