
ဖေဖော်ဝါရီလ ၂၇ရက် ၂၀၂၄ ခုနှစ်
ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရေကျော်ရပ်ကွက်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူထိခိုက်တာတွေ မရှိခဲ့ဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ဘားအံမြို့မှာ ဖေဖော်ဝါရီလ အစပိုင်းထဲက ဗုံးပေါက်ကွဲမှု မကြာခဏဖြစ်ပေါ်လေ့ရှိပြီး ဖေဖော်ဝါရီလ ၂၆ရက်နေ့ ည ၇ နာရီလောက်ကလည်း ရေကျော်ရပ်ကွက်ထဲမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကာ လူထိခိုက်တာမျိုးမရှိခဲ့ဘူးလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
“ ဒီလထဲမှာ ဗုံးပေါက်တာတွေ ခဏခဏ ဖြစ်နေတယ်၊ ဒီတစ်ခေါက်ပါဆိုရင် ၅ခါလောက်ရှိနေပြီး၊ ညတုန်းကလည်း ၇ နာရီလောက်ကြီး၊ ရေကျော်မှာ အသံကြားရတယ်၊ မြို့ထဲအထိတောင်မှာ အသံအကျယ်ကြီးဘဲ၊ လူထိတာတော့မကြားမိဘူး၊” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန် ဘားအံမြို့ထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားလာမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာကြောင့် မြို့ဝင်မြို့ထွက်နေရာတွေမှာ အစစ်အဆေးတွေ ပိုမိုတင်းကြပ်လာသလို ဘားအံတက္ကသိုလ်မှာလည်း အဝေးသင်ကျောင်းသားတွေ ကျောင်းလာမတက်ကြတော့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
“ တိုက်ပွဲဖြစ်မယ်ဆိုတဲ့ သတင်းတွေထွက်နေတာ တစ်ပတ်လောက်ရှိပြီး၊ PDF တွေက ဝင်တိုက်မယ်လို့ကြားတယ်၊ မြို့ဝင်တဲ့နေရာတွေမှာ အစစ်အဆေးတွေ များလာပြီး၊ ဒီတစ်ပတ်ဆိုရင် အဝေးသင်တွေတောင် ကျောင်းလာမတက်တော့ဘူး၊ မြို့ထဲမှာတောင် ညနေဆိုလူမရှိတော့ဘူး၊ ပေါ်တာဆွဲမှာလည်း ကြောက်နေကြတယ်၊” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ဒါ့အပြင် ဘားအံမြို့ထဲမှာ စစ်တပ်နဲ့ စစ်တပ်ခန့်ထားတဲ့ ရပ်ကွက်လူကြီးတွေက ဧည့်စာရင်းစစ်တာနဲ့ လူစာရင်းကောက်ခံတာတွေကို ညတိုင်းနီးပါးလုပ်ဆောင်နေသလို ဘားအံမြို့အနီးတစ်ဝိုက်ကျေးရွာတွေဖြစ်တဲ့ ကော့ပရံ၊စံဖရီး၊ ကျုံပကို၊ ဝင်းကမော၊နောင်ကမြိုင်၊ ပေါ့ထော်နဲ့ နောင်လှ ကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်တွေက စစ်မှုထမ်းဖို့ တစ်ရွာကို လူငယ် ၃၅ ယောက်နှုန်းနဲ့ တပ်သားသစ်ခေါ်ယူစုဆောင်းတာတွေကို ပြုလုပ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောစကားအရ သိရပါတယ်။
သတင်း- ကိုဖြိုး
ဓာတ်ပုံ- Social Media
Phar Si Than (People’s Radio Myanmar)