
ဇွန်လ ၆ရက် ၂၀၂၄ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ကျားဖြန့်နဲ့ ကာစီနိုလုပ်ငန်းလုပ်ကိုင်နေသူတွေကို နယ်ခြားစောင့်တပ် BGF က ထွက်သွားခိုင်းထားပေမဲ့ လက်ရှိအချိန်ထိ အလုပ်ဆက်လက်လုပ်ကိုင်နေကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
မေလ ၁ ရက်နေ့ကနေ အောက်တိုဘာလ ၃၁ရက်နေ့အထိ ၆လအတွင်း မြဝတီမြို့ရှိ ကျားဖြန့်နဲ့ ကာစီနိုလုပ်ငန်းလုပ်ကိုင်နေသူတွေကို ထွက်သွားခိုင်းထားတာဖြစ်ပြီး သတ်မှတ်ရက်အတွင်း ထွက်သွားခြင်းမလုပ်ပါက ထိရောက်စွာအရေးယူမယ်လို့ နယ်ခြားစောင့်တပ် BGF က အမိန့်ထုတ်ပြန်ထားပါတယ်။
အခုလို အမိန့်ထုတ်ပြန်ထားပေမဲ့ လက်ရှိအချိန်ထိ ကာစီနိုလုပ်ငန်းတွေ ဆက်လက်လည်ပတ်နေသလို မြဝတီမြို့ထဲမှာလည်း ကာစီနိုလုပ်ငန်းလုပ်ကိုလုပ်ကိုင်နေတဲ့ တရုတ်တွေ လွတ်လွတ်လပ်လပ် သွားလာနေကြဆဲ ဖြစ်တယ်လို့ မြဝတီမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“ စာထုတ်တာက စာထုတ်တာဘဲ၊ စစ်ကောင်စီနဲ့ အဆင်မပြေဘူးဆိုတာကလည်း လှည့်ကွက်ပါဘဲ၊ အလုပ်က ပုံမှန်လုပ်နေဆဲပါ၊ မြို့ထဲမှာ သွားလာနေကြတဲ့ တရုတ်တွေလည်း ရှိပါတယ်၊ သူတို့က ဈေးလမ်းတွေနဲ့ ရပ်ကွက်အတွင်းမှာ ရှုပ်ရှုပ်ထွေးထွေးသွားလာတာမျိုးမရှိပေမဲ့ သူတို့နဲ့ သက်ဆိုင်ရာနေရာတွေကိုတော့ ကားအကောင်းစားကြီးတွေနဲ့ သွားလာမှုတော့ ရှိပါတယ်၊” လို့ သူကပြောပါတယ်။
ဒါ့အပြင် မြဝတီမြို့ထဲမှာ ည ၈နာရီကနေ မနက် ၆ နာရီအတွင်း ညမထွက်ရအမိန့်ထုတ်ပြန်ထားပေမဲ့ ကာစီနို၊ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေသူတွေကတော့ အချိန်မရွေးထွက်လို့ရနေပြီး ဖမ်းဆီးတာမျိုး မရှိဘူးလို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“ တရုတ်ဝန်ထမ်းတွေကတော့ အပြင်မထွက်ပါဘူး၊ VIP အထူးတွေအတွက်ကတော့ ညမထွက်ရအမိန့်က သူတို့အတွက် အရေးမပါဘူးလေ၊ စီးတဲ့ကားအပေါ်မူတည်တာပေါ့၊ သာမန်အရပ်သားတွေက အချိန်မရှိ သွားလာတာမျိုးမရှိဘူးဆိုတော့ အဲ့ဒီအချိန်လွန် သွားလာမှုမျိုးကို သက်ဆိုင်ရာနဲ့ ပိုင်သူတွေသာ လုပ်တက်တာမို့ စစ်ဆေးတာလည်း မလုပ်ပါဘူး၊” လို့ သူကပြောပါတယ်။
အခုလို မြဝတီမြို့ရှိ ကာစီနိုနဲ့ ကျားဖြန့် လုပ်ငန်းလုပ်ကိုင်နေသူတွေကို ထွက်ခိုင်းတဲ့ အမိန့်စာထွက်လာပြီးနောက်ပိုင်း မေလ၁လထဲမှာဘဲ တရုတ်လူမျိုး ထောင်နဲ့ချီ မြဝတီမြို့ကနေ ဘုရားသုံးဆူမြို့ဘက်ကို ရွှေ့ပြောင်းသွားကြသေးတယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။
သတင်း-ကိုဖြိုး
ပုံစာ။ မြဝတီမြို့ သောင်ရင်းမြစ်ကမ်းဘေးရှိ ကာစီနိုလောင်းကစားရုံ
Phar Si Than (People’s Radio Myanmar)