ရေးမြို့နယ်အခြေစိုက် ခလရ (၁၀၆) တပ်ရင်းက တပ်ခွဲမှူး ဗိုလ်မှူးသန်းစိုးနိုင်ကို တော်လှန်ရေးအင်အားစုဖမ်းဆီး

ဇွန်လ ၇ရက် ၂၀၂၄

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက်  ခလရ ( ၁၀၆)တပ်ရင်းက တပ်ခွဲမှူး ဗိုလ်မှူး သန်းစိုးနိုင်( ကပ− ကြည်း၄၉၉၁၀)ကို ရေးပြောက်ကျားတပ်−YGFမှ ဖမ်းဆီးခဲ့ထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၅ရက်နေ့ ညနေ ၆နာရီဝန်းကျင်အချိန်မော့ကရင်ကျေးရွာရှိ လမ်းပိုင်းတစ်နေရာမှာ ဗိုလ်မှူး သန်းစိုးနိုင်ကို MA-5တစ်လက်၊MA-3 တစ်လက်၊ကားတစ်စီးနဲ့အတူးဖမ်းဆီးရမိခဲ့ တာဖြစ်ပြီး ကနဦးစစ်ဆေး သတင်း ပို့ တာ တွေ ပြီးရင် သက်ဆိုင်ရာတာဝန်ရှိသူတွေဆီလွှဲပြောင်းပေးသွားမှာဖြစ်တယ်လို့ ရေးပြောက်ကျားတပ်−YGFမှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

“သူကလောလောဆယ်တပ်ရင်းမှူးနဲ့ဒုရင်းမှူးရှေ့တန်းရောက်နေချိန်သူကယာယီတပ်ရင်းမှူးတာဝန်ယူထားတာသူဈေးဝယ်ထွက်လာတဲ့အချိန်သတင်းရလို့စောင့်ပြီးဖမ်းတာပေါ့ သူပြန်ခုခံတာမျိုးလည်း မရှိဘူးကောင်းကောင်းမွန်မွန်ပဲသူကရှေ့တန်းကပြန်လာ တာလည်းမကြားသေးဘူးအခုတော့ကောင်းကောင်းမွန်မွန်ပဲထိန်းသိမ်းထားပါတယ်”လို့သူကပြောပါတယ်။

ဒါ့အပြင် ဇွန်လ ၅ရက်နေ့ ည၉နာရီအချိန်ကနေ ဇွန်လ ၆ရက်နေ့မနက်ပိုင်းအချိန်ထိ စစ်ကောင်စီတပ်ရဲ့ ခလရ (၁၀၆)တပ်ရင်း က ကားဆိပ် ကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ၁၀ကြိမ်ထပ်မနည်းပစ်ခတ် လို့  ဒေသခံ နေအိမ်ပေါ်ကျ ပေါက်တာ မှာ အိမ်အတွင်းရှိ မိသားစု၅ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး လမိုင်းဆေးရုံမှာဆေးကုသမှုခံယူနေရတယ်လို့ လမိုင်းမြို့နေအမျိုးသမီးတစ်ဦးကဆိုပါတယ်။

“ညကတစ်ညလုံး လက်နက်ကြီးတွေနဲ့ပစ်နေတာ မော့ကနင်ဘက်ကနေ မော့ကနင်ကရာဘာခြံတွေဘက်လည်းကျတယ် တစ်အိမ်မှာ ၅ယောက်လက်နက်ကြီးထိတာရှိတယ် အမေကကတော့စိုးရိမ်ရတယ်မနက်ကျမှလမိုင်းဆေးရုံကိုရောက်လာလို့သိရတာသေတာမျိုးတော့မကြားမိဘူး”လို့ဆိုပါတယ်။

အခုလိုစစ်ကောင်စီတပ်ဘက်မှ တစ်ညလုံးလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာဟာ ဗိုလ်မှူးသန်းစိုနိုင်ဖမ်းဆီးခံရတာကြောင့်ဖြစ်တယ်လို့ဒေသခံတွေရဲ့ပြောဆိုမှုတွေလည်းရှိနေပါတယ်။

ပြီးခဲ့တဲ့မေလလောက်ကနေအခု ဇွန်အစပိုင်းအထိရေးမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်တပ်စခန်းတွေ၊စစ်ဆေးရေးဂိတ်တွေနဲ့ စစ်ကောင်စီတပ် ယာဉ်တန်းတွေတိုက်ခိုက်ခံရတာမှာ ၅ကြိမ်ထပ်မနည်းရှိနေပြီဖြစ်ပြီးသေဆုံးတာမှာလည်း ၁၀ဦးထပ်မနည်းရှိနေပြီဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

သတင်း-နော်ဖူးဖူး

ပုံ-ဖမ်းဆီးခံရသောဗိုလ်မှူးသန်းစိုးနိုင်

Phar Si Than (People’s Radio Myanmar)