မတောရွာ လေကြောင်းတိုက်ခိုက်မှုခံရမှုကြောင့် သေဆုံးသူဦးရေ ၃၀ ကျော်အထိရှိလာ

ဇွန် ၆ ရက် ၊ ၂၀၂၄ ခုနှစ် ။

စစ်ကိုင်းတိုင်း ၊ မင်းကင်းမြို့နယ် မတောရွာမှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူဦးရေ အယောက် ၃၂ ယောက်အထိရှိလာပြီးဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန်လ ၃ ရက်နေ့ မနက်ပိုင်းမှာ မတောရွာမှာ ပကဖ အဖွဲ့ဝင်အမျိုးသမီး မင်္ဂလာဆောင်ပွဲကို ဂျက်ဖိုက်တာလေယာဉ် နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အဲဒီနေ့မှာပဲ ဒေသခံ ၂၅ ဦးပွဲချင်းပြီးသေဆုံးသွားပြီး ထိခိုက်ဒဏ်ရာရတဲ့လူနာတွေကိုဆေးရုံပို့ဆောင်ချိန် လမ်းခရီးအဆင်မပြေတဲ့အတွက် လမ်းမှာပဲ နောက်ထပ် ၇ ဦးထပ်မံသေဆုံးသွားတယ်လို့လဲဆိုပါတယ်။

“ဖြစ်တဲ့နေ့မှာပဲ သွားပို့တာ လမ်းကြောင်းအခြေနေကလဲမကောင်းဘူး ၊ စစ်ကြောင်းကလဲရှိတဲ့အပြင်ကို မိုးကလဲတအားရွာတော့ လမ်းတွေကလဲမကောင်းဘူး အဲဒါကြောင့်တချို့နေရာကျတော့ ကားနဲ့ သွားလို့မရဘူး ထမ်းပိုးတာမျိုးတွေလုပ်ရတယ်။ ကားလုံလောက်မှုမရှိတာလဲ ပါတယ်။ တချို့ကလဲ ဒဏ်ရာပြင်းနေရဲ့သား နဲ့ စောင့်နေရင်း သေဆုံးသွားတာမျိုးတွေ ” လို့ Student’s Revolutionary Force (SRF – PDF ) တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဆေးဝါးသွားကုရင်းသေဆုံးသွားတဲ့သူ ၇ ဦးဟာ ဖြိုးဇာနည် (၁၅) နှစ် ၊ မဇင်မာလင်း (၁၇) နှစ် ၊ စိုင်းချစ်အောင် (၁၀) နှစ် ၊ မဇင်မာသူ (၁၀) နှစ် ၊ ဒေါ်ရင်ကြည် (၆၀) နှစ် ၊ ဒေါ်ညွန့်တင် (၆၀) နှစ် နဲ့ မောင်ဇင်ကိုဦး (၂၄) နှစ်တို့ပဲဖြစ်ကြပါတယ်။

လေကြောင်းတိုက်ခိုက်ခံရလို့ ထိခိုက်ဒဏ်ရာရသူ ၅၃ ဦးရှိလာပြီးဖြစ်သလို ထပ်မံပြီးတော့ လူဦးရေဆက် လက်တိုးလာနိုင်တယ်လို့လဲဆိုပါတယ်။ လက်ရှိအချိန်ထိတော့ မတောရွာကဒေသခံတွေဟာ ရွာပြင်တောတိုက်တွေမှာသာနေနေရပြီး ဒေသခံတချို့ နဲ့ ကာကွယ်ရေးအဖွဲ့တွေက ကျေးရွာထဲကို ရှင်းလင်းရေးလုပ်နေကြတယ်လို့လဲ မတောရွာဒေသခံတဦးက ပြောပါတယ်။

“အိမ်ခြေက ၁၀ လုံးလောက်ပျက်ဆီးသွားတယ် ၊ ရွာသားတွေကတော့တောထဲမှာပဲ အခြေချပြီးတော့နေ နေကြတယ် ၊ကြောက်စိတ်တွေ နဲ့ ပေါ့ဗျာ ၊ တယောက် နဲ့ တယောက်မစားနိုင်မသောက်နိုင် ၊ခံစားနေကြတယ်။ မင်္ဂလာပွဲကိုလေယာဉ် နဲ့ သုံးရလောက်တဲ့အထိ ပစ်ခတ်လိုက်တဲ့ ဦးနှောက်ကိုတော့တော်တော် ချီးကျူးလေးစားပါတယ်။ စစ်ပွဲလဲမဟုတ်ပဲ နဲ့ ဒီတိုက်လေယာဉ် နဲ့ ပစ်ရအောင် ကျနော်တို့ပြည်သူတွေက ဘာတွေလုပ်နေလို့လဲ အခုလို လူကြီးတွေတောင်မပြော နဲ့ ကလေးတွေပါ မစားနိုင်မသောက်နိုင်ကြဘူး ” လို့ သူကပြောပါတယ်။

လက်ရှိမှာတော့ ဒေသခံတွေဟာ ပြိုလဲနေတဲ့သစ်ပင်တွေ နဲ့ လမ်းပိတ်နေတဲ့သစ်ပင် တွေကိုရှင်းလင် းရေးလုပ်ဆောင်နေတယ်လို့လဲသိရပါတယ်။ အခုလို မင်းကင်းနယ်ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်တာ ၂ ကြိမ်ရှိပြီးဖြစ်တယ်လို့လဲဆိုပါတယ်။

ပြီးခဲ့တဲ့မေလ ၉ ရက်နေ့ကလဲ ဆောမြို့နယ် ၊ အကြည်ပန်းပလွန်းကျေးရွာကို စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့လို့ လူ ၁၆ ဦးထက်မနဲသေဆုံးခဲ့ပါသေးတယ်။

သတင်း − ထက်မြတ်