
ဧပြီလ ၃၀ရက်နေ့၊ ၂၀၂၄ခုနှစ်
စစ်ရေးအခြေအနေတင်းမားနေတဲ့ တနင်္သာရီမြို့နယ်ရှိ သကျက်ကျေးရွာကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်နှစ်စီးနဲ့ ဗုံးသီး အလုံး ၄၀နီးပါး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ်ရှိ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
ဧပြီလ ၂၉ရက်နေ့၊ နေ့လည် ၂နာရီကျော်လောက်မှာ စစ်ကောင်စီတပ်က Mi-2 ရဟတ်ယာဉ်နှစ်စီးနဲ့ သကျက်၊ ဂဏန်းကွင်း၊ တောင်ဘိန်းရွာတွေကို ဗုံးသီးကြဲချ တိုက်ခိုက်သွားဝာာဖြစ်တယ်လို့ မြိတ်ခရိုင် တပ်ရင်း (၂)ရဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
“ မနေ့က ကြဲသွားတာမှာတော့ စက်လက်နဲ့ပစ်တာမရှိဘူး။ စစ်ကူလာတဲ့ စစ်ကြောင်းက ပြန်ထွက်လို့မရတော့ လေယာဉ်လာတဲ့ သဘောပါ” လို့ သူက အခုလို ဆိုပါတယ်။
သိန္ဓောရွာတိုက်ပွဲကို ခမရ ၅၆၁ တပ်ရင်းကနေ စစ်ကူလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို သကျက်ကျေးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ မြိတ်ခရိုင် တပ်ရင်း (၂)ရဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပြပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် သကျက်ရွာက အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ပေမယ့် အတိအကျကိုတော့ မြေပြင်အနေအထားအရ အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။
“ သူတို့ ဗုံးကြဲတဲ့အထဲ ပေါင် ၃၀၀ ဗုံးတွေရော၊ ၈၁ မမတွေရော ပါတယ်” လို့ မြိတ်ခရိုင် တပ်ရင်း (၂)ရဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သတ်ပြီး ဒေသခံတွေက ကျေးရွာတွေအထဲ ပြန်လည်ဝင်ရောက် နေထိုင်ခြင်းမရှိသေးတဲ့အတွက် ထိခိုက်ပျက်စီးသွားတဲ့ အိမ်ခြေအရေအတွက်ကိုတော့ အတိအကျ မသိရသေးဘူးလို့လဲ ဆိုပါတယ်။
ဧပြီလ ၂၃ရက်နေ့ကတည်းက တနင်္သာရီမြို့နယ်၊ သိန္ဓောရွာရှိ စစ်ကောင်စီတပ်စခန်းက တပ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်တွေဘက်က အဆက်မပြတ် လေကြောင်း ပစ်ကူပေးခဲ့တယ်လို့ မြိတ်ခရိုင် တပ်ရင်း (၂)ရဲ့ ပြန်ကြားရေး တာဝန်ခံက ဆက်ပြောပါတယ်။
၂၀၂၄ နှစ်၊ ဇန်နဝါရီလကစပြီး စစ်ကောင်စီတပ်က တနင်္သာရီတိုင်းအတွင်းရှိ အရှေ့တောနယ်ဒေသ မေတ္တာမြို့နယ်၊ ရေဖြူမြို့နယ်၊ သရက်ချောင်းမြို့နယ်၊ ပုလောမြို့နယ် တနင်္သာရီမြို့နယ်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုပြုလုပ်နေတာ အကြိမ် ၂၀ထက်မနည်း ရှိပြီဖြစ်တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း- နော်အယ်နီ
ပုံ- တနင်္သာရီမြို့နယ်
Phar Si Than (People’s Radio Myanmar)