စစ်ကောင်စီတပ်လက်အောက်ခံ ခမရ (၉၇) တပ် ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခံရတာကြောင့် လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်

နိုဝင်ဘာလ ၂၃ရက်၊ ၂၀၂၃ ခုနှစ်

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ် လက်အောက်ခံ ခမရ (၉၇) ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတာကြောင့် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ပြန်လည် ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။

ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲတွေကြား နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေကာ စစ်ကောင်စီတပ်ဂိတ်တွေနဲ့ စစ်ကောင်စီတပ် တပ်ရင်းတွေ မကြာခဏ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခံနေရတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၂) ရက်နေ့ ညနေ (၅) နာရီလောက်ကလည်း စစ်ကောင်စီတပ်လက်အောက်ခံ ခမရ (၉၇) တပ်ရင်းကို အမည်မသိအဖွဲ့တစ်ခုက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ပြီး လူထိခိုက်တာမရှိပေမဲ့ စစ်ကောင်စီတပ်ကနေ လက်နက်ကြီးနဲ့ ပြန်လည် ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။

” ညနေ (၅) နာရီလောက်မှာ (၉၇) ထဲ ဒရုန်းနဲ့တိုက်ခံရတာ၊ လူထိတာတော့ မရှိပါဘူး၊ အဲ့ဒါပြီးတော့ လက်နက်ကြီးပစ်နေတာ၊ မနားဘူး၊နှစ်ဆင့်ကွဲတဲ့ အလုံးကြီးတွေနဲ့ ပစ်တာ၊” လို့ ကောလကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။

အခုလို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်က ပစ်လိုက်တဲ့လက်နက်ကြီးတစ်လုံး မြို့တော်ဦး ရပ်ကွက်အနီးမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်သေဆုံးတာမျိုးမရှိဘူးလို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ဆိုပါတယ်။

” ပစ်တာကတော့ နှစ်ဆင့်ကွဲတွေကြီးဘဲပေါက်တာ၊ (၇)နာရီလောက်က မြို့တော်ဦး ဘက်ကိုကျတာ ၊ အိမ်တွေကိုတော့မထိဘူး၊ ရပ်ကွက်နားက လယ်ကွင်းထဲကို ကျတာ၊ ညက(၁၀) နာရီကျော်လောက်မှ ရပ်သွားတာ၊” လို့ ကော့ကရိတ်မြို့ဒေသခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

လက်ရှိအချိန် ကော့ကရိတ်မြို့အနီးတစ်ဝိုက်မှာ စစစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေသလို မြို့သိမ်းတိုက်ပွဲတွေ ဖြစ်ပေါ်လာမယ်ဆိုတဲ့ သတင်းတွေကြောင့် ကော့ကရိတ်မြို့ဒေသခံ (၇၀) ရာခိုင်နှူန်းလောက်ဟာ မြဝတီမြို့နဲ့ ဘေးလွတ်ရာမြို့တွေကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေက ဆိုပါတယ်။

” ကော့ကရိတ်မြို့က ခြောက်ကပ်နေပြီး၊ မြို့ရဲ့ (၇၀) ရာခိုင်နှုန်းလောက်က ပြေးနေကြပြီး၊ မြို့ထဲကလူတွေ ကုန်သလောက်ရှိနေပြီး၊ မြို့ထဲမှာ ညီမတို့လောက်ဘဲ ကျန်တော့တယ်၊ ဒီနေ့ပြောင်းကြတာ တော်တော်များတယ်၊” လို့ ကော့ကရိတ်မြို့ဒေသခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် ကော့ကရိတ်မြို့အနီးတစ်ဝိုက်ကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဝန်းရံပိတ်ဆို့ထားပြီး တိုက်ပွဲတွေလည်း အချိန်မရွေး  ဖြစ်ပွားလာနိုင်တယ်လို့ KNLA သတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။

ဒီကနေ့ နိုဝင်ဘာလ (၂၃) ရက်နေ့ မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်ရဲ့ ခမရ (၉၇) နဲ့ လှိုင်ဝအမြောက်ကုန်းကနေ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေဘက်ကို ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူထိခိုက်တာတွေ ဆက်ရှိနေတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။

ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်ရဲ့ ခမရ (၉၇) နဲ့လှိုင်ဝအမြောက်ကုန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် နိုဝင်ဘာလ (၁) ရက်နေ့ကနေ (၂၁)ရက်နေ့အတွင်း ဒေသခံ (၂) ဦးသေဆုံးကာ (၆) ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၁၀) လုံးနီးပါး ပျက်ဆီးခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေ​ရဲ့ ပြောပြချက်တွေအရ သိရပါတယ်။

 

သတင်း – ကိုဖြိုး

ဓာတ်ပုံ – Social Media

Phar Si Than (People’s Radio Myanmar)