မြဝတီအမှတ်(၁)ချစ်ကြည်ရေးတံတားပြန်လည်ဖွင့်လှစ် ၊ ထိုင်းဘက်ခြမ်းကို ရက်လွန်ကြေးပေးဆောင်နေရ

ဧပြီလ ၂၈ရက် ၂၀၂၄

ထိုင်း−မြန်မာအမှတ်(၁)ချစ်ကြည်ရေးတံတားကို ဒီနေ့ဧပြီလ (၂၇) ရက်နေ့ မနက်၁၀နာရီဝန်းကျင်အချိန်မှာပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံဘက်ကတော့ ကမ်းကူးလက်မှတ်တစ်ပတ်ကဒ်နဲ့၁၄ရက်စာအုပ်ကိုင်ဆောင်သူတွေဆီကနေရက်လွန်ကြေးကောက်ခံတာမျိုးရှိတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံဘက်ခြမ်းမှ ရက်လွန်ကြေးအဖြစ် သုံးရက်အောက် ရက်လွန်သူတွေကို ထိုင်းဘတ်ငွေ (၁၀၀)ဘတ်ဒဏ်ကြေးပေးဆောင်ရသလို၊ သုံးရက်နဲ့အထပ် ရက်လွန်သူတွေကိုတော့ ထိုင်းဘတ်ငွေ (၂၀၀)ဘတ်ဒဏ်ကြေးပေးဆောင်ရပြီး မြန်မာပြည်ဘက်ခြမ်းမှာတော့ငွေကြေးကောက်ခံတာမျိုးမရှိဘူးလို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူအမျိုးသားတစ်ဦးကပြောပါတယ်။

“တုံးထုပြီးတော့ ပိုက်ဆံကောက်တယ်၁၀၀ပေါ့ ၃ရက်အောက်ဆိုတော့ရက်လွန်တော့ပိုက်ဆံပေးရတာပေါ့ မြန်မာဘက်တော့ပေးစရာမလိုဘူးလူတွေများတော့သူတို့ထိုင်းဘက်ကပိုက်ဆံရေတဲ့လူတွေပါခေါ်ထားရတယ်တံဆိပ်တုံးထုတဲ့ဘေးမှာ”လို့သူကပြောပါတယ်။

ဒါ့အပြင် အခုလိုတံတားပြန်လည်ဖွင့်လှစ်ပြီး နောက်ပိုင်းမှာတော့ မြဝတီဘက်ခြမ်းမှ မဲဆောက်မြို့ဘက်ကိုကူးမဲ့သူတွေအပါအဝင် တံတားလက်မှတ်သက်တမ်းတိုးမဲ့သူတွေမှာရာနဲ့ချီရှိနေတယ်လို့ နောက်ထပ်မြဝတီမြို့ခံအမျိုးသားတစ်ဦးကဆိုပါတယ်။

“လူတွေကတော့တော်တော်များတယ် ရာနဲ့ချီတာပေါ့ ထိုင်းကနေပြီးတော့မြဝတီကိုပြန်ဝင်ကြတာမြဝတီကနေပြီးတော့မှမဲဆောက်ကိုသွားတဲ့သူတွေလည်းတစ်အုပ်ကြီးပဲ ပြီးတော့ကားတွေဆိုလည်းဒဏ်ကြေး၅၀၀ ပေးရတယ်လို့တော့ကြားတယ်”လို့သူကဆိုပါတယ်။

မြဝတီမြို့ အမှတ်(၂)ချစ်ကြည်ရေးတံတားမှာ ဧပြီလ ၂၀ရက်နေ့လောက်က စစ်တပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် မြန်မာဘက်ခြမ်းမှ ထိုင်းနိုင်ငံဘက်ကို ပေးမကူးဘဲ မြန်မာပြည်ဘက်ကို အပြန်သာလက်ခံပြီး ထိုင်းနိုင်ငံဘက်ကတော့ တံတားကိုပုံမှန်အတိုင်းဖွင့်လှစ်ထားခဲ့တာလည်းဖြစ်ပါတယ်။

သတင်း-နော်ဖူးဖူး

ပုံ-လူမှုကွန်ရက်

Phar Si Than (People’s radio myanmar)