
နိုဝင်ဘာလ ၁၃ရက်နေ့၊ ၂၀၂၃ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ ကရင်ကြီးရွာဘက်ကို စစ်ကောင်စီတပ်တွေက အင်အား (၅၀)ကျော်လောက်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံနှစ်ဦးကို အကြောင်းမဲ့ ပစ်သတ်ခဲ့တယ်လို့ ကရင်ကြီးရွာ ဒေသခံတွေဆီကနေ သိရပါတယ်။
နိုဝင်ဘာလ (၉)ရက်နေ့၊ မနက် (၉)နာရီလောက်မှာ စစ်ကောင်စီတပ်တွေက အင်အား (၆၀)ကျော်လောက်နဲ့ ကရင်ကြီးရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အချိန် ဒေသတော်လှန်ရေးတပ်တွေနဲ့ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ သူတို့က သဘော့ဆိပ်-ပြင်ကြီး ဘုန်းကြီးကျောင်းကနေ စစ်ကြောင်းထိုးလာပြီး ကရင်ကြီးဘုန်းကြီးကျောင်းထဲရှိနေတဲ့အချိန် ပစ်ခတ်မှုဖြစ်ကြတာ” လို့သူကအခုလိုဆိုပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားတွေက ကရင်ကြီးရွာက ဒေသခံတွေကို လူသားဒိုင်းအဖြစ်ဖမ်းဆီးပြီး သူတို့စစ်ကြောင်းကို မြင်လို့ ထွက်ပြေးတဲ့ ဒေသခံနှစ်ဦးကိုတော့ သေနတ်နဲ့ ပစ်သတ်လိုက်တယ်လို့ ကရင်ကြီးရွာရှိ အမျိုးသားတစ်ဦးက ပြောပြပါတယ်။
“ သူတို့က သေနတ်တွေပစ်ပြီး ဝင်လာတယ်။ လမ်းမှာတွေ့တဲ့ မိန်းမ၊ ယောက်ျားအကုန်ဖမ်းတယ်။ ပစ်သတ်ခံရတဲ့သူတွေက သူတို့ကိုတွေ့လို့ ထွက်ပြေးတဲ့အချိန်မှာ ပစ်သတ်လိုက်တာပါ” လို့ သူကအခုလိုပြောပါတယ်။
ပစ်သတ်ခံထားရတဲ့ ဒေသခံနှစ်ဦးရဲ့ အလောင်းကိုတော့ နိုဝင်ဘာလ (၁၀)ရက်နေ့ မနက်ပိုင်းမှာ တွေ့ရှိတာဖြစ်ပြီး အဲ့ဒီအလောင်းတွေကိုတော့ မြေမြှုပ်သင်္ဂြိုလ်ပေးလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ပစ်သတ်ခံရတဲ့ သူတွေက ဘယ်သူဘယ်ဝါဆိုတာကိုတော့ ကျမတို့ People’s Radio Myanmar အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
နိုဝင်ဘာလ (၁၀) ရက်နေ့ မနက်ပိုင်းမှာဘဲ ကရင်ကြီးရွာနဲ့ ကမ်းပနီရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကုန်စုံဆိုင်တွေကနေ စားသောက်ကုန်နဲ့ တန်ဖိုးရှိပစ္စည်းတွေကို ခိုးယူသွားတယ်လို့ ဒေသခံက ဆိုပါတယ်။
“ ကမ်းပနီမှာတော့ တစ်အိမ်ရှို့ခံရတယ်။ ကရင်ကြီးမှာလည်းပါတယ်။ ရွာထဲကို ဝင်မရသေးလို့ ဘယ်နှအိမ်ဆိုတာ မသိရဘူး။ လက်နက်ကြီးတွေ ပစ်သံလည်း ကြားရတယ်။ ကမ်းပနီမှာဆို မီးမရှို့တဲ့ အိမ်တွေကနေ ပစ္စည်းတွေနဲ့ အစားသောက်တွေယူသွားတယ်” လို့ သူကအခုလို ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ကရင်ကြီးရွာ၊ ကမ်းပနီရွာ၊ သဘော့ဆိပ်ရွာ၊ ပြင်ကြီးရွာ စတဲ့ကျေးရွာတွေက နေအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး တောင်တောင်တွေထဲ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
စစ်ရှောင်နေရတဲ့ ဒေသခံတစ်ဦးက “ ညကြီးမိုးချုပ်စစ်ရှောင်နေရတော့ အရမ်းပင်ပန်းတယ်။ သက်ကြီးရွယ်အိုတွေလည်း တအားဒုက္ခရောက်တယ်။ ညဘက်တွေကို တောင်ပေါ်တွေမတက်နိုင်လို့ ပြုတ်ကျတယ်။ ပင်လယ်နားနီးဆိုတော့ ရေထဲလည်းပြုတ်ကျတယ်” လို့ သူကအခုလို ပြောပြပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလက စစ်ကောင်စီတပ်ရဲ့ အကြောင်းမဲ့သတ်ဖြတ်မှုတွေကြောင့် တနင်္သာရီတိုင်းအတွင်း အရပ်သား (၁၄) ဦးသေဆုံးပြီး မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် (၄၄)လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ FE5 Thanintharyi ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
သတင်း- နော်အယ်နီး
ပုံ- CJ
Phar Si Than (People’s Radio Myanmar)