ထားဝယ်မြို့အဝင် ကမြောကင်းတံတားရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရ

[videopress ZoyZUnGg]

မတ်လ ၂၈ရက်နေ့၊ ၂၀၂၄ခုနစ်

 

ထားဝယ်မြို့အဝင် ကမြောကင်းတံတား စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်က အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ Morden Punks အဖွဲ့ထံမှ သိရပါတယ်။

မတ်လ ၂၈ရက်နေ့၊ မနက် ၄နာရီ ၂၅မိနစ်လောက်မှာ အင်အား ၂၀လောက်ရှိတဲ့ ကမြောကင်းတံတားက စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ကာကွယ်ရေးတပ်ဖွဲ့တွေက အလစ်ဝင်ရောက်ပစ်ခတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ၆မိနစ်လောက် ကြာမြင့်ခဲ့တယ်လို့ Morden Punks အဖွဲ့တာဝန်ရှိသူ ကိုကြက်ဉကဆိုပါတယ်။

“ သူတို့က ဘုရားကုန်းပေါ်မှလည်းရှိတယ်။ ကျနော်တို့က ဂိတ်မှာ အပြင်ကိုထွက်နေတဲ့ စစ်သား ၃ယောက်ကို ပစ်တာ” လို့သူက အခုလိုပြောပါတယ်။

တိုက်ခိုက်မှုဖြစ်ပွားနေချိန်အတွင်း လောင်းလုံမြို့နယ်နဲ့ ဘုရားကုန်းပေါ်တွေမှာရှိနေတဲ့ စစ်ကောင်စီတပ်တွေက လက်နက်ကြီး၊ စက်လက်တွေနဲ့ မိနစ် ၃၀လောက် ရမ်းသမ်း ပစ်ခတ်နေခဲ့တယ်လို့ လောင်းလုံမြို့နယ် ဒေသခံက ပြောပြပါတယ်။

“ ပစ်ခတ်မှုဖြစ်တဲ့အချိန်က ဈေးသည်တွေသွားလာတဲ့အချိန်ဆိုတော့ သူတို့တောင် တိုက်ပွဲဖြစ်နေလို့ ဆိုပြီး ပြန်လာလိုက်ကြတယ်” လို့သူက ပြောပါတယ်။

အဆိုပါပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်တွေဘက်က ၃ဦးထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေ ပြောဆိုနေကြပေမယ့် ကျမတို့ People’s Radio Myanmar အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပစ်ခတ်မှုအပြီးမှာတော့ စစ်ကောင်စီတပ်တွေဘက်က တံတားနှစ်ဖက်ကို ပိတ်ချလိုက်ပြီး မနက် ၅နာရီလောက်မှာတော့ တံတားကို ပြန်ဖွင့်ပေးလိုက်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်က တံတားကို ပြန်ဖွင့်ပေးလိုက်ပေမယ့် အသွားအလာနည်းပါးနေပြီး တချို့လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေက တံတားအနီးရှိ ဘုရားတောင်ကုန်းပေါ်မှာလည်း ဘန်ကာ၊ကတုတ်ကျင်းတွေကို အခိုင်အမာတည်ဆောက်ပြီး တပ်စွဲထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနစ် နိုဝင်ဘာလတုန်းကလည်း ထားဝယ်မြို့အဝင်ရှိ ပေါက်တိုင်းတံတား စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေ အလစ်ဝင်ရောက် တိုက်ခိုက်တာကြောင့် စစ်သား ၁၀ဦးသေဆုံးခဲ့သေးတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်အရ သိရပါတယ်။

 

သတင်း-နော်အယ်နီး

ပုံ-ကမြောကင်းတံတားပစ်ခတ်မှုရုပ်သံ

Phar Si Than (People’s Radio Myanmar)