
မတ်လ၂၈ ရက်၊ ၂၀၂၄ခုနှစ်
မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊ ဓမ္မသရွာကို စစ်ကောင်စီတပ်ဘက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အပြင် လက်နက်ကြီးတွေနဲ့ပါပစ်ခတ်ခဲ့လို့ ဓမ္မသရွာက နေအိမ်အများအပြားမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
မတ်လ ၂၇ရက်နေ့ နေ့လည် ၃နာရီဝန်းကျင်လောက်မှာ အဆိုပါ ကျေးရွာအတွင်းကို စစ်ကောင်စီတပ်သားတွေက လေယာဉ် နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဂျိုင်းမြစ်အတွင်းရှိ စစ်သင်္ဘောကနေပါ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ ဓမ္မသရွာက နေအိမ် ၃၀၀ ကျော် မီးလောင်ပျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
အခုလို စစ်ကောင်စီပစ်ခတ်လိုက်လို့ မီးလောင်သွားတဲ့နေအိမ်တွေ မီးသတ်တွေက မီးဝင်ငြိမ်းဖို့ လာခဲ့ကြပေမဲ့လဲ တရနာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ကျေးရွာအတွင်း ဝင်ရောက်ခွင့်မပေးသလို လမ်းတွေကိုလဲ ပိတ်ဆို့ထားတယ်လို့ဆိုပါတယ်။
“ည ၁၁ ဝန်းကျင်လောက်မှ မီးငြိမ်းနိုင်ခဲ့တယ်။ တရနာဘက်မှာရှိတဲ့ သင်္ဘော၂စီးနဲ့ပစ်တာဓမ္မသဘက်မှာထိတယ် ရွာမီးလောင်သွားတာအများကြီးပဲလေယာဉ်နဲ့လည်းပစ်တယ်တရနာဘက်ကမီးသတ်ကားကိုလည်းပေးမဝင်ဘူးမော်လမြိုင်ဘက်မှာလည်းပေးမဝင်ဘူး”လို့သူကပြောပါတယ်။
ဓမ္မသကျေးရွာအတွင်းတိုက်ပွဲဖြစ်ပွားတာမျိုးမရှိပဲ စစ်ကောင်စီဘက်မှ အခုလိုပစ်ခတ်တာကြောင့် မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီးကျေးရွာခံတွေမှာ တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်တာကြောင့် မောလမြို့ဘက်ကိုပြောင်းရွှေ့နေကြတယ်လို့ ဒေသခံတစ်ဦးကဆိုပါတယ်။
“ကရင်ဘက်က သူတို့မပစ်ဘူး ဗမာစစ်တပ်ကပဲလိုက်ပြီး လျှောက်ပစ်နေကြတာရွာထဲမှာ လူတွေသိပြီး မရှိကြတော့ဘူး ပြေးကုန်ကြပြီး စစ်တပ်တွေလည်းရှိနေတော့ အချိန်မရွေးစစ်ဖြစ်နိုင်တယ်လေ အဲ့တာကြောင့်ပြေးကုန်ပြီးလို့”သူကဆိုပါတယ်။
ဒါ့အပြင် ဒီကနေ့ မတ်လ ၂၈ရက်နေ့ မနက်ပိုင်းမှာလည်း တရနာကျေးရွာထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး ဂျိုင်းမြစ်ထဲမှာ စစ်သင်္ဘောကနေလည်း လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ ဒီမနက်ပိုင်း တရာဏာတစ်ဝိုက်မှာ တိုက်ပွဲတွေ ဖြစ်နေပါတယ်၊ မနက်အစောပိုင်းလောက်ထဲက ဖြစ်နေကြတာ၊ လက်နက်ကြီးကလည်း သင်္ဘောပေါ်ကနေပစ်နေပါတယ်၊ လူထိခိုက်တာမျိုးတော့မရှိတော့ဘူး၊ ရွာထဲမှာလည်း လူကုန်သလောက်ရှိပြီး၊ထွက်ပြေးကုန်တာ၊” လို့ တရာဏာ ကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။
အခုနှစ်၂၀၂၄ခုနှစ် ၃လအတွင်း ကရင်ပြည်နယ် နဲ့မွန်ပြည်နယ်အတွင်းရှိ ဒေသတွေမှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာ၊လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာနဲ့ ရှို့မီးတွေကြောင့် ဒေသခံနေအိမ်အလုံး၅၀၀ထပ်မနည်း မီးလောင်ပျက်စီးခဲ့ပြီဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရသိရသည်။
သတင်း-နော်ဖူးဖူး
ပုံ-Cj
Phar Si Than (People’s Radio Myanmar)