
မတ်လ ၂၆ရက် ၂၀၂၄ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းနယ်မြေရဲစခန်းကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက ပူးပေါင်းသိမ်းပိုက်ခဲ့ပြီး တော်လှန်ရေးတပ်သား ၂ဦးကျဆုံးခဲ့တယ်လို့ Lion Battalion Commano Special Force ဗျူဟာစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
ကော့ဘိန်းနယ်မြေရဲစခန်းကို မတ်လ ၂၄ရက်နေ့မှာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ဖိူ့စတင်တိုက်ခိုက်ခဲ့ပြီး မတ်လ ၂၅ရက် နေ့လည် ၁နာရီ ၁၀မိနစ်မှာေတာ့ သိမ်းပိုက်ရရှိခဲ့ပြီး မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၂၆ ရက်နေ့ မနက်ပိုင်းမှာတော့ တိုက်ပွဲတွေ ငြိမ်သက်နေတယ်လို့ မွန်လွတ်မြောက်ရေးတပ်တော်ရဲ့ ပြန်ကြားရေးဌာန ကတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ လောလောဆယ် သိတာ နှစ်ယောက်ပါ၊ ဘယ်တပ်ရင်းကလဲဆိုတာကတော့ သက်ဆိုင်ရာစစ်ကြောင်းတွေက ကြေညာပါမယ်၊ ကျွန်တော်တို့က ရှေ့တန်းမှာရှိနေသေးပါတယ်၊ ဒဏ်ရာက အသေးစားရတာလောက်ဘဲရှိပါတယ်ဗျ၊ အခုကတော့ စစ်ရေးက ငြိမ်နေပါတယ်၊” လို့ မွန်လွတ်မြောက်ရေးတပ်မတော် ကတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ကော့ဘိန်းရွာရဲစခန်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၈ကြိမ်အထက်လုပ်ခဲ့တဲ့အပြင် စခန်းသိမ်းပြီးတဲ့နောက်ပိုင်းမှာလည်း လေကြောင်းတိုက်ခိုက်မှု ၂ကြိမ် ထပ်မံပြုလုပ်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
“ လေကြောင်းတိုက်ခိုက်မှုကတော်တော်များတယ်၊ သိမ်းတဲ့နေ့ကဆို အနည်းဆုံး ၈ကြိမ်အထက်ဘဲ၊ အများဆုံးချတဲ့အကြိမ်တုန်းက တစ်ကြိမ်ထဲကို ၁၅လုံးကနေ ၃၀ကြားဘဲ၊ သိမ်းပြီးပြီးချင်းနောက်ပိုင်းမှာတော့ နှစ်ကြိမ်လောက်ထပ်ပစ်တယ်ဗျ” လို့ ပြောပါတယ်။
လက်ရှိအချိန် ကော့ဘိန်းကျေးရွာအနီးတစ်ဝိုက်မှာ စစ်တပ်တွေ မရှိကြတော့ပေမဲ့ ဂျိုင်းမြစ်ထဲမှာတော့ စစ်သင်္ဘောတစ်စီးရှိနေသလို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေလည်း ရှေ့တန်းစစ်မျက်နှာပြင်မှာ ဆက်ရှိနေသေးတယ်လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုပါတယ်။
“ ကျွန်တော်တို့ရှိနေတဲ့ နေရာကိုတော့ ပြောလို့မရသေးပါဘူး၊ လေယာဉ်ပစ်ခတ်တာကြောင့်နဲ့ လက်နက်ကြီးပစ်ထုတ်တာကြောင့် အနီးနားကျေးရွာတော်တော်များများ ရှောင်ကြပါတယ်၊ လက်နက်ကြီးက သင်္ဘောက ပစ်တာပါ၊ ” လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေချိန်အတွင်းမှာလည်း စစ်တပ်က လက်နက်ကြီးပစ်ခတ်တာတွေ ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ကော့ဘိန်း၊ကော့ပေါက်၊ နောင်ထပ္ပံ၊ မြပတိုင်၊ ဓမ္မသိုက်နဲ့ တရာဏာကျေးရွာက ဒေသခံတစ်ထောင်ကျော်ဟာ မော်လမြိုင်မြို့နဲ့ ဘားအံမြို့တွေအပြင် ခရားအပြင်ရွာဘက်ကို စစ်ဘေးတိမ်းရှောင်နေရတယ်လို့ လူမှုကူညီရေးလုပ်ကိုင်နေသူတစ်ဦးက ဆိုပါတယ်။
“ မနေ့က ၄ နာရီကျော်တဲ့အထိ လူတွေကယ်ထုတ်ရတယ်၊ အမျိုးအိမ်မှာ သွားနေတဲ့လူတွေလည်းရှိတယ်၊ ခရားရွာထဲမှာ ဘုန်းကြီးကျောင်းတို့ ၊ တစ်ခြားသူအိမ်တွေ ခြံတွေထဲမှာနေတဲ့လူတွေလည်းရှိတယ်၊ ရုတ်တရပ်ပြေးလာကြတော့ အဝတ်အစားတွေ အစားအသောက်အခက်အခဲရှိသူတွေများတယ်၊” လို့ လူမှုကူညီရေးလုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၅ဦးသေဆုံးခဲ့သလို လက်နက်ချသူ ၂၃ဦးနဲ့ မိသားစုဝင် ၁၈ဦးကို ဖမ်းဆီးရမိခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ဆီကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ Lion Battalion Commando ဗျူဟာစစ်ကြောင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
သတင်း-ကိုဖြိုး
ဓာတ်ပုံ-Social Media
Phar Si Than (People’s Radio Myanmar)