ဘုတ်ပြင်းမြို့နယ်က စစ်ကောင်စီတပ်စခန်းကုန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

မတ်လ ၂၅ရက်နေ့၊ ၂၀၂၄ခုနှစ်

 

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီမဏ္ဍိုင်မြို့၊ ဘန်ဂလောကျေးရွာအနောက်ဘက်ရှိ စစ်ကောင်စီတပ်တွေရဲ့ မိုင်ခရိုဝေ့တာဝါတိုင် တောင်ကုန်းစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ Flying Star Forceရဲ့ တာဝန်ရှိသူဆီကနေ သိရပါတယ်။

မတ်လ ၁၁ရက်နေ့၊ နေ့လည် ၁၁နာရီလောက်မှာ ဘန်ဂလောကျေးရွာအနောက်ဘက်ရှိ စစ်ကောင်စီတပ်အင်အား ၅၀လောက်နဲ့ တပ်စွဲထားတဲ့ မိုင်ခရိုဝေ့တာဝါတိုင် တောင်ကုန်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Flying Star Forceရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

“ စခန်းမှာ အင်အားက ၃၀ကနေ ၅၀ကြားရှိတယ်။ တပ်စွဲထားတာက ကြာပါပြီ။ သိသလောက်ဆို ၂နှစ်လောက်ရှိပြီ” လို့သူက အခုလိုပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေ ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အချိန် စစ်ကောင်စီတပ်တွေဘက်က ခုခံပစ်ခတ်ခဲ့တာကြောင့် အပြန်အလှန်ပစ်ခတ်မှု ၄နာရီလောက်ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်တွေရဲ့ ခလရ(၅၅၉)တပ်ရင်းနဲ့ ခလရ(၅၆၀) တပ်ရင်းတွေကနေ ၈၀မမ၊ ၁၂၀မမ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ကူပေးခဲ့တယ်လို့ Flying Star Forceရဲ့ တာဝန်ရှိသူက ဆက်ပြောပါတယ်။

“ လက်နက်ကြီးပစ်ကူတာက တပ်ရင်းတွေနဲ့ မြို့ထဲဘုန်းကြီးကျောင်းထဲ တပ်စွဲထားတဲ့ စခန်းတွေကလည်း ပစ်ကူပေးတယ်။ ညနေ ၅နာရီလောက်ထိ တောက်လျှောက်ပစ်တာ” လို့သူကပြောပြပါတယ်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကော်စီတပ်တွေဘက်က စစ်သားတစ်ဦးသေဆုံးနေတာကို မျက်မြင်တွေ့ရှိခဲ့ရပြီး ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သားတွေကတော့ ထွက်ပြေးသွားတဲ့အတွက် အရှင်ဖမ်းဆီးရမိတာမျိုးတွေ မရှိဘူးလို့လဲ ဆိုပါတယ်။

အဲ့ဒီစခန်းသိမ်းတိုက်ပွဲကနေ ၆၀မမ စိန်ပြောင်းတစ်လက်၊ MA4နိုင်းတွဲ ၁လက်၊ MA3 ၂လက်၊ မော်တာကျည် ၃၆လုံး၊ ၆၀မမ ကျည်သီး ၄၂လုံး၊ MA3/MA4 ကျည်တောင့် ၂၀၄၀တောင့်၊ လက်ပစ်မိုင်းသီး/ကစ် ၅စုံ၊ လက်ပစ်ဗုံးသီး ၃လုံး၊ တိုက်မိုင်း/ကစ် ၅စုံ၊ MA3/MA4 ကျည်ဘောက် ၁၅ခု အပါအဝင် ပစ္စည်း ၁၇ခုသိမ်းဆည်း ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဆိုပါစခန်းသိမ်းတိုက်ပွဲကို KTLA၊ Flying Star Force နဲ့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။

ပြီးခဲ့တဲ့ ၂၀၂၃ခုနစ်၊ နိုဝင်ဘာလ ၁၄ရက်နေ့တုန်းကလည်း ဘုတ်ပြင်းမြို့နယ်ရှိ ပြည်ကြီးမဏ္ဍိုင် ရဲစခန်းကုန်းကို Flying Star Forceနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တဲ့အချိန် စစ်ကောင်စီတပ် အရာရှိတစ်ဦးနဲ့ ပျူစောထီးအများအပြား ဒဏ်ရာရှိခဲ့တယ်လို့ တော်လှန်ရေးတပ်တွေဆီကနေ သိရပါတယ်။

 

သတင်း- နော်အယ်နီး

ပုံ- စခန်းသိမ်းတိုက်ပွဲအတွင်းသိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ

Phar Si Than (People’s Radio Myanmar)