တံခွန်တိုင်ရဲစခန်းမှာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဘက်မှ ၄ ဦးသေဆုံး

သြဂုတ်လ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်

ကရင်ပြည်နယ်၊ ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စု၊ တံခွန်တိုင်ရဲစခန်းမှာ နှစ်ပတ်ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၄ ဦး သေဆုံးခဲ့တယ်လို့ ဒူးပလယ်ယာခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သြဂုတ်လ ၁၅ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်အချိန်မှာ တံခွန်တိုင်ရဲစခန်းမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ခလရ – ၂၈၄ ကို KNLA ပူးပေါင်းတပ်ဖွဲ့တွေသွားရောက်တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၄ ဦးသေဆုံးခဲ့တယ်လို့ KNLA သတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။

“ဟို့တစ်နေ့ကပစ်တာ ၄ ယောက်သေတာတော့ဟုတ်တယ် ဒီဘက်ကအရင်သွားပစ်တာ ၄ ယောက် လောက်ကတော့ကျတယ် အခုပစ်တာကတော့ မြေပြင်တိုက်ပွဲပါ ၆၀ တို့ ၄၀ တို့နဲ့ သွားပစ်တာ” လို့ သူကပြောပါတယ်။

အခုလို စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့ နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး နောက်ပိုင်းတွေမှာ တော့ တိုက်ပွဲပြန်လည်ဖြစ်ပွားတာမျိုးမရှိတော့ပေမဲ့ အသေးစားပစ်ခတ်မှုတွေတော့ရှိတယ်လို့ သူက ပြောပါတယ်။

သြဂုတ်လ ၁၅ ရက်နေ့ နေ့လည်ပိုင်းအချိန်လောက်ကလည်း ၄၀ မမနဲ့ ပစ်ခတ်သံကို ၆ ကြိမ်လောက် ကြားရတယ်လို့ တံခွန်တိုင်ကျေးရွာကဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

“နေ့လည်ကတော့ကြားရတယ်၊ ၄၀ မမ၊ ၆ ကြိမ်လောက်ကြားရပြီးငြိမ်နေတာ ဘယ်ကစပစ်လည်းတော့ မသိရဘူး”လို့ သူကပြောပါတယ်။

တံခွန်တိုင်ကျေးရွာအတွင်း သြဂုတ်လ တတိယအပတ်မှာတော့ လက်နက်ငယ်တွေ ပစ်ခတ်သံတချို့ ကြားရပေမဲ့လည်း စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေ နှစ်ဖက်တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားတာ၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာမျိုးတွေတောမရှိဘူးလို့ တံခွန်တိုင်ကျေးရွာရှိ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

ဒေသခံအမျိုးသမီးတစ်ဦးကလည်း “ ၁၇ ရက်နေ့ကတော့ သေနတ်သံကြားရတယ် တစ်ချက်သိပ် မကျယ်ဘူး အခု​နောက်ပိုင်းသူတိူ့ပစ်တာဘာမှ ကျယ်ကျယ်လောင်လောင်မရဘူး”လို့သူကပြောပါတယ်။

တံခွန်တိုင်ရဲစခန်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့တွေဟာမကြာခဏဆိုသလိုတိုက်ခိုက်နေရတာဖြစ်ပြီး တံခွန်းတိုင်ကျေးရွာဟာ ဖုန်းအင်တာနက်လိုင်းတွေဖြတ်တောက်ထားကာ ညပိုင်းအချိန်မှသာ အင်တာနက်လိုင်း ပြန်အသုံးပြုလို့ရတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ကရင်ပြည်နယ်အတွင်းကဒေသတွေဖြစ်တဲ့ မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး၊ သံတောင်နဲ့ ဖာပွန်မြို့နယ်တွေဘက်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နေ့တိုင်းနီးပါး တိုက်ပွဲဖြစ်ပွားနေပြီး အခုလိုတိုက်ပွဲတွေနေ့တိုင်းနီးပါးတိုက်ပွဲတွေနေ့တိုင်းနီးပါးဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူတွေနေ့စဥ်လူမှုဘဝတွေမှာလည်း အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရသိရပါတယ်။

သတင်း – နော်ဖူးဖူး

ဓါတ်ပုံ – CJ

Phar Si Than (People’s Radio Myanmar)