ဝိုင်းမော်မြို့နယ် အောင်မြေ (၂) တွင် ပိတ်မိနေသည့် ပြည်သူများကို ကယ်ထုတ်နိုင်ပြီ

မတ် ၁၄ ၊၂၀၂၄

 

မတ်လ ၉ ရက်နေ့ကဖြစ်တဲ့ KIA နဲ့ မြန်မာစစ်တပ်တို့ရဲ့နှစ်ဖက်တိုက်ပွဲတွေကြားထဲ ပိတ်မိနေတဲ့ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အောင်မြေ (၂) ကျေးရွာဒေသခံများကို မတ်လ ၁၃ရက် နေ့လယ် ၂ နာရီခွဲခန့်တွင် ကယ်ထုတ်နိုင်ပြီဖြစ်ကြောင်းဘာသာပေါင်းစုံအသင်းအဖွဲ့ အဖွဲ့ဝင်တစ်ဦးရဲ့ ပြောကြားချက်အရသိရပါတယ်။

ကချင်ပြည်နယ်ရှိ ဘာသာရေးအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများနှင့် ကချင်ပြည်နယ်အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG တို့၏ အကူအညီဖြင့် အောင်မြေ (၂) ကျေးရွာမှ ပိတ်မိနေသူ ၈၀၀ နီးပါး ကယ်ထုတ်နိုင်ပြီး စစ်ကောင်စီတပ်ရဲ့စစ်ဆေးမှုကိုကျော်ဖြတ်ပြီးမှသာ ကယ်ထုတ်လို့ရခဲ့ကြောင်းနှင့် စစ်ရှောင်အများစုကို မိုင်းနား KBC နှစ်ချင်းအသင်းတော်ရဲ့မြေနေရာနှင့် ဝိုင်းမော်စစ်ရှောင်စခန်း တွင် နေရာချထားသလို အချို့ဆွေမျိုးတွေထံသို့ သွားရောက်နေထိုင်ကြသူများလည်းရှိကြောင်း အသင်းတော်ဆရာတစ်ဦးက အခုလိုပြောပါတယ်။

” နေ့လည် ၂ နာရီကနေခေါ်ထုတ်လာနိုင်တာ ၊နေ့တိုင်းတောင်းဆိုခဲ့ကြတာကိုး၊ အမျိုးမျိုး မေတ္တာရပ်ခံကြရတာပေါ့၊ အစစ်အဆေးလည်းကြပ်လိုက်သေးတယ်၊ စစ်ရှောင်တွေကိုမိုင်းနားနဲ့ ဝိုင်းမော်မှာ နေရာခွဲပီးချထားပေးတယ်၊ အချို့က အမျိုးတွေဆီသွားကြတယ် ”

စစ်ကောင်စီတပ်သည် ရွာအထွက်တင်သာမက အောင်မြေ ၁၊ ဝိုင်းမော်မြို့ ၊ နောင်တာလော လမ်းတစ်လျှောက်တွင် မှတ်ပုံတင်စစ်ဆေးမှု၊ ခန္ဓာကိုယ်စစ်ဆေးမှုနှင့် အမျိုးမျိုးစစ်ဆေးခံခဲ့ရ သောကြောင့် မိုင်းနားရောက်ဖို့ပင် ၄ နာရီနီးပါး ကြာခဲ့ပြီး မသင်္ကာသူများကိုခေါ်ယူစစ်ဆေးထားတာတွေရှိကြောင်း စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆက်လက်ပြောကြားထားပါတယ်။

“ကယ်ထုတ်ပေးတဲ့ အဖွဲ့ပေါင်းစုံက ၂ နာရီမှာရောက်လာကြလို့ ဘုန်းကြီးကျောင်း မှာပိတ်မိနေတဲ့ ကျမတို့အကုန်လုံး ထွက်နိုင်ခဲ့ပြီ။ ထွက်ပေါက်မှာ အကြာကြီးစကားပြောလိုက်ရတာတွေရှိတယ်။ စစ်တာဆေးတာ တစ်လမ်းလုံးပဲ ၊မသင်္ကာရင်ပိုစစ်တယ် ၊ လူခွဲစစ်တယ် ” ဟု သူမကပြောပါတယ်။

စစ်ရှောင်အချို့မှာ သိမ်ကြီးစု ၊ဟိုတုံ ၊ ခတ်ချို အထက်၊ ခတ်ချိုအောက် နှင့် အောင်ချမ်းသာ ဘုန်းကြီးကျောင်းတို့တွင် နေရာခွဲထားရပြီး နာမကျန်းသူများနှင့်သက်ကြီးရွယ်အိုတို့ကို လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တို့မှ ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း ခတ်ချိုဒေသခံလူငယ်တစ်ဦးထံမှ သိရပါတယ်။

” နေရာ အခက်အခဲအရ ကျောင်း ၅ကျောင်းခွဲထားရတယ်၊ သက်ကြိးရွယ်အို ကျန်းမာရေးမကောင်းသူတွေကိုတော့ ကယ်ဆယ်ရေးအဖွဲ့တွေ ဆေးရုံကိုပို့လိုက်ကြတယ် ” ဟု ခတ်ချိုဒေသခံလူငယ်တစ်ဦးက ပြောပါတယ်။

ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်တို့က မတ်လ ၇ ရက်နေ့တွင် အောင်မြေ၂ရှိ စစ်ကောင်စီတပ်ခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးစခန်းသိမ်းခဲ့ရာ မတ်လ ၉ရက်နေ့တွက် KIA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပိုမိုပြင်းထန်လာချိန် အောင်မြေ (၂) ကျေးရွာဒေသခံများသည် ၇ ရက်ကြာ ပိတ်မိနေခဲ့ကြတာပါ။

အဲ့ရက်တွေအတွင်း လက်နက်ကြီးနဲ့ ဒရုန်းပစ်ခတ်မှု ထိမှန်တာကြောင့် သက်ကြီးရွယ်အိုအမျိုးသမီး ၃ ဦးထိမှန်သေဆုံးခဲ့သလို ဘုန်ကြီးကျောင်းအတွင်းလူများတာကြောင့် အသက်ရှူကြပ်ကာ အသက် ၇၈ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး နှင့် စစ်တပ်ဘက်မှ တစ်ဖက်သတ်ပစ်သတ်ခံရသူ အမျိုးသား ၂ ဦး သေဆုံးခဲ့ရပါတယ်။ သေဆုံးသူများကို နေအိမ်ခြံဝင်းတွင်သာ မြုပ်နှံထားခဲ့ရကြောင်း စစ်ရှောင်တွေရဲ့ပြောကြားချက်အရသိရပါတယ်။

 

News : Tiffany Suu

Photo – CJ / KBC Kachin