
စက်တင်ဘာလ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်
ပရဟိတ မျက်နှာဖုံးတပ်ကာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ ကိစ္စရပ်တွေနဲ့ပတ်သတ်ပြီး စစ်ဆေးဖို့အတွက် ဖမ်းဆီခံရတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ၊ ဇမ္ဗူသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့ရဲ့ ဥက္ကဌ ဦးနိုင်မျိုးသွင်ကို ခံဝန်ကတိလက်မှတ်ရေးထိုးခိုင်းပြီး ထားဝယ်မြို့ပြပြောက်ကျားအဖွဲ့က ပြန်လွှတ်ပေးလိုက်ပြီး ဖြစ်တယ်လို့ Guerrilla Dawei တာဝန်ခံ ကိုပီတာရဲ့ ပြောဆိုချက်အရသိရပါတယ်။
စက်တင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်းလောက်မှာ လောင်းလုံမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှာ တောင်ပြိုကျမှုကြောင့် ထိခိုက်ပျက်စီးမှုဖြစ်ပွားတဲ့နေရာကို ကူညီဆောင်ရွက်ပြီးအပြန် ညင်းမော်ကျေးရွာအနီးရှိ ကြယ်တောင်အနားမှာ ဦးနိုင်မျိုးသွင်ကို စစ်ဆေးမေးမြန်းမှုပြုလုပ်ဖို့အတွက် ထားဝယ်ပြောက်ကျားတပ်ဖွဲ့က ခေါ်ဆောင်သွားတာဖြစ်တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၂၆ ရက်နေ့၊ မနက် ၅ နာရီခွဲဝန်းကျင်လောက်မှာ ဦးနိုင်မျိုးသွင်းကို နောက်ထပ် စစ်တပ်နဲ့ ပူးပေါင်းပြီး ကိုယ်ကျိုးစီးပွားမရှာဖို့နဲ့ စစ်ကောင်စီထောက်တိုင်အဖြစ်ရပ်တည်ကာ တော်လှန်ရေးကို အဟန့်အတားဖြစ်စေမဲ့ကိစ္စတွေကို နောက်တစ်ကြိမ်ထပ်မလုပ်ဖို့ ခံဝန်ထိုးခိုင်းပြီး ဘေးကင်းတဲ့ နေရာအထိ လိုက်လံပို့ဆောင်ပေးခဲ့တယ်လို့ ကိုပီတာက အခုလိုပြောပါတယ်။
“မနေ့က ၅ နာရီခွဲ့လောက်မှာ သူ့အတွက်ဘေးကင်းပြီး သူ့ကိုလာကြိုပေးနိုင်မဲ့ နေရာအထိ သွားပို့ပေးခဲ့တယ်။ သူ့ကို လာကြိုနိုင်မဲ့သူတွေကိုလည်း ဖုန်းဆက်လို့ရအောင် ဖုန်းဆက်ခိုင်းပြီး ထားခဲ့ပါတယ်” လို့ သူကအခုလို ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်က ဖမ်းဆီးစစ်ဆေးနေတဲ့အချိန် ဦးနိုင်မျိုးသွင်ဖုန်းထဲက စစ်ကောင်စီတပ်တွေနဲ့ ပူးပေါင်းပြီး တရားမဝင်လုပ်ငန်းလုပ်ကိုင်နေတာတွေ၊ တော်လှန်ရေးလုပ်နေသူတွေရဲ့ သတင်းအချက် အလက်တွေကို စစ်ကောင်စီတပ်ဆီ သတင်းပေးပို့ထားတာတွေနဲ့ စစ်တပ်နဲ့ပူးပေါင်းပြီး လာဘ်စား တာတွေကို တွေ့ရှိခဲ့တယ်လို့ Guerrilla Dawei ရဲ့ တာဝန်ခံ ကိုပီတာ ကဆိုပါတယ်။
“သူ့ဖုန်းထဲမှာ ရုံးက ပရဟိတသမားတယောက်ကို သူဖမ်းခိုင်းခဲ့တယ်ဆိုတာကို ထင်ထင်ရှားတွေ့ခဲ့တယ်။ သူ့ကိုယ်ကျိုးစီးပွားအတွက် စစ်တပ်ကို လာဘ်ထိုးတာတွေရော တွေ့ရတယ်။ သူကိုယ်တိုင်လည်း ဝန်ခံထားတယ်” လို့ သူဆက်ပြောပါတယ်။
အခုလို ပြန်လွှတ်ပေးလိုက်တာက သူ့ကို ဖမ်းဆီးချုပ်နှောင်ထားဖို့အတွက် နယ်မြေခြေနေအရ အကျဉ်းထောင်မရှိတာ၊ အရင်ကလုပ်လာခဲ့တဲ့ ပရဟိတလုပ်ငန်းတွေ လူထုအကျိုးပြု လုပ်ငန်းတွေ အတွက် သက်ညှာတာ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့ နယ်မြေမစိုးမိုးနိုင်သေးတဲ့အတွက် ထိန်းသိမ်းထားရတာ အရမ်းတာဝန်ကြီးတာကြောင့် ပြန်လွှတ်ပေးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
Guerrilla Daweiရဲ့ တာဝန်ခံ ကိုပီတာက “သူ့ကို ပြန်လွှတ်ပေးလိုက်တာက အပြစ်ပေး အရေးယူဖို့အတွက် တော်တော်လေးခက်ခဲတယ်။ ထောင်ချမယ်ဆိုလည်း ကျနော့်တို့ဆီမှာ ထောင်မရှိဘူး။ နယ်မြေမစိုးမိုးနိုင်သေးတဲ့အတွက် ထိန်းသိမ်းရမှာလည်း အရမ်းတာဝန်ကြီးတယ်” လို့ သူကပြောပြပါတယ်။
ဦးနိုင်မျိုးသွင်ကို ဖမ်းဆီးထားတဲ့အချိန်မှာလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့ ရိုက်နှက် စစ်ဆေးတာတွေလုံးဝမရှိဘဲ ဂျနီဗာကွန်ဗန်းရှင်းနဲ့အညီ အားလုံးကို တာဝန်ယူမှုရှိရှိနဲ့ လုပ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဇမ္ဗူသီရိရုံးကလည်း ဦးနိုင်မျိုးသွင် ပြန်လည်လွတ်မြောက်လာတာ မှန်ကန်တယ်လို့ အတည်ပြုပြောဆိုပြီး အခုလက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်က သူ့ကို စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတယ်လို့ ဇမ္ဗူသီရိအဖွဲ့ရဲ့ တာဝန်ရှိသူဆီကနေသိရပါတယ်။
“ဦးနိုင်မျိုးသွင် ကျန်းကျန်းမာမာနဲ့ ပြန်ရောက်လာပါတယ်။ အိမ်ကိုပြန်ရောက်လာတဲ့အချိန်မှာတော့ ဦးနိုင်မျိုးသွင်ကို သက်ဆိုင်ရာက စစ်ဆေမေးမြန်းတာတွေကို လုပ်ဆောင်နေပါတယ်” လို့ သူကပြောပါတယ်။
ဦးနိုင်မျိုးသွင်အနေနဲ့ နောက်တစ်ကြိမ် စစ်ကောင်စီတပ်တွေနဲ့ ပူပေါင်းပြီး ကိုယ်ကျိုးစီးပွားအတွက်ရော တော်လှန်ရေးအတွက် အနှောင့်အယှက်ဖြစ်စေတဲ့ ကိစ္စတွေကို ဆက်လက်လုပ်ဆောင်မယ်ဆိုပါက အပြင်းထန်ဆုံးအပြစ်ဒဏ်ကို ချမှတ်မှာဖြစ်တယ်လို့ Guerrilla Daweiရဲ့ တာဝန်ခံ ကိုပီတာက သတိပေးပြောဆိုထားပါတယ်။
Guerrilla Dawei အဖွဲ့အနေနဲ့ ဦးနိုင်မျိုးသွင်လို စစ်တပ်နဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့သူတွေကို ထပ်မံတွေ့ရှိပါက သက်သေအချက်အလက်တွေအရ ထိုက်သင့်တဲ့ ပြစ်ဒဏ်ကိုချမှတ်သွားမှာဖြစ်ပြီး ဦးနိုင်မျိုးသွင်လိုတော့ ခံဝန်နဲ့ ပြန်လွှတ်ပေးတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ထားဝယ်မြို့ဒေသခံတစ်ဦးက “သူ့ကို ထားဝယ်ကလူတွေ တော်ရုံမယုံတော့ဘူး။ စစ်တပ်နဲ့ ပူးပေါင်းနေတဲ့သူက နောက်ထပ်မပူးပေါင်းလို့လည်း မပြောနိုင်ဘူး။ အခုလည်း သူ့ကိုဆက်လက် စောင့်ကြည့်ရမယ်။ သတိလည်းထားရမယ်” လို့သူက ပြောပါတယ်။
ထားဝယ်မြို့အခြေစိုက် ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ကို ဧပြီလ ၁၃ ရက်နေ့၊ ၂၀၁၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်တွေမှာ အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးလုပ်ငန်းစဉ်တွေအပြင် တခြားပရဟိတလုပ်ငန်းစဉ်တွေကိုလည်း အဓိက လုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်းမှာ အရေးပေါ်လူနာတင်ယာဉ်ကူညီသယ်ဆောင်ရေးအဖွဲ့ ၅၀ ကျော်ထက်မနည်းရှိပြီး အဲ့ဒီထဲမှာမှ ဇမ္ဗူသီရိအဖွဲ့ရဲ့ ဥက္ကဌ ဦးနိုင်မျိုးသွင်က လူသိများတာကြောင့် အခုလို ပြန်လွှတ်ပေးလိုက်တဲ့အပေါ် ထားဝယ်မြို့ဒေသခံတွေက အမျိုးမျိုး ဝေဖန်သုံးသပ် ပြောဆိုနေကြပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)