ဆုချီးမြှင့်ခံရတဲ့ငွေသိန်း (၁၀၀) ကျပ်ကို စစ်ဆင်ရေးအတွက်  အသုံးပြုသွားမယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့မှတာဝန်ရှိသူမှပြော

အောက်တိုဘာလ ၂ ရက်၊ ၂၀၂၃ ခုနှစ်

ကရင်ပြည်နယ် ၊ မြဝတီမြို့မှာ ဒရုန်းစစ်ဆင်ရေးဆောင်ရွက်ခဲ့တဲ့ Federal Wings ဒရုန်းတပ်ဖွဲ့ကို NUG ကာကွယ်ရေးဝန်ကြီးဌာနက မြန်မာငွေကျပ် သိန်း ၁၀၀ ဆုချီးမြှင့်ပြီးနောက် ရရှိခဲ့တဲ့ ဆုကြေးငွေကို စစ်ဆင်ရေးအတွက် အသုံးပြုသွားမယ်လို့ သိရပါတယ်။

မြဝတီမြို့က စစ်ကောင်စီတပ်လက်အောက်ခံ ရဲစခန်းနဲ့အထွေထွေအုပ်ချုပ်ရေးရုံးကို ဒရုန်းစစ်ဆင်ရေး ဆောင်ရွက်ခဲ့တဲ့ Federal Wings ဒရုန်းတပ်ဖွဲ့ကို စက်တင်ဘာလ ၁၂ ရက်နေ့က မြန်မာငွေကျပ်သိန်း ၁၀၀ ဆုချီးမြှင့်ခဲ့ပြီး ရရှိခဲ့တဲ့ ဆုကြေးကိုလည်း တပ်ဖွဲ့ဝင်တွေအတွက် လိုအပ်တဲ့နေရာမှာ အသုံးပြုသွားမှာ ဖြစ်တယ်လို့ Cobra စစ်ကြောင်း Federal Wings ဒရုန်းတပ်ဖွဲ့တာဝန်ခံ ရဲဘော် နေမင်းထွန်းက ပြောပါတယ်။

“ဆုကတော့ စက်တင်ဘာလ ၁၂ ရက်နေ့က လက်ခံရရှိပါတယ်၊ ဒါကပထမဆုံး အကြိမ်ပါပဲ၊ ဆုရရှိတဲ့ ငွေကြေးတွေကိုတော့ တပ်ဖွဲ့ဝင်တွေအတွက် လိုအပ်တဲ့နေရာတွေမှာ အသုံးပြုသွားမှာပါ” လို့ သူကပြောကပြောပါတယ်။

အခုလို ဆုချီးမြှင့်ခံရဖို့ကိုလည်း မထင်ထားသလို ဆုကြေးတွေဟာလည်း  Federal Wings ဒရုန်းတပ်ဖွဲ့ဝင်တွေအတွက် အထောက်အကူဖြစ်ပြီး  NUG-MOD ရဲ့ လုပ်ဆောင်ချက်တွေကိုလည်း အားရကျေနပ်မိတယ်လို့ သူက​ဆက်ပြောပါတယ်။

“အခုလို မစ်ရှင်အောင်မြင်လို့ဆိုပြီး ဆုချီးမြှင့်ခံရတာကလည်း ကျနော်တို့အဖွဲ့က ပထမဆုံးပဲဖြစ်မှာပါ ရှေ့မှာလည်း ဒီလိုမျိုးကရှိမထားတော့ ကျနော်တို့အနေနဲ့လည်း ထင်မထားဘူး ပေါ့တပ်ဖွဲ့ဝင်တွေ အတွက်လည်း အထောက်အကူတော့ဖြစ်မှာပါဗျ NUG MOD ရဲ့လုပ်ဆောင်ချက်အပေါ် အားရကျေနပ် မိပါတယ်”လို့သူကပြောပါတယ်။

မြဝတီမြို့ထဲမှာ စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေ ဒရုန်းနဲ့ ဗုံးကြဲခံရ​တာကြောင့် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေမှာ အထိနာသလို အခုလိုဖြစ်စဥ်မျိုးကို အားရကျေနပ်မှု ရှိတယ်လို့ မြဝတီမြို့ဒေသခံတစ်ဦးကဆိုပါတယ်။

“သူတို့သေတာနဲ့ပတ်သတ်ပြီးကတော့ အားရစရာကြီးပဲ တော်တော်များများလည်သေတယ် အဲ့‌တုန်းကပဲ နောက်ထပ်ဖြစ်လာရင်တော့ ကောင်းတာပေါ့ သူတို့လည်းအထိနာတယ် ရဲစခန်းကအခြေနေကတော့ အခုအေးဆေးပါပဲ လူသိပ်မတွေ့ဘူး လုံခြုံရေးသိပ်မရှိဘူး လမ်းပိတ်ထားတာတွေလေ အကာတွေနဲ့” လို့ပြောပါတယ်။

ဒါ့အပြင် နောက်ထပ်ဒရုန်း Mission တွေကိုလည်း EROs, NUG- MOD တွေရဲ့ အထက်အောက်ကွပ်ကဲမှု အောက်ကနေပဲ မြို့ပြစစ်ဆင်ရေးတွေ၊ Missionတွေကို စနစ်တကျဖော်ဆောင်သွားမှာဖြစ်တယ်လို့ Cobra စစ်ကြောင်း Federal Wings ဒရုန်းတပ်ဖွဲ့တာဝန်ခံ ရဲဘော် နေမင်းထွန်းကပြောပါတယ်။

အခုလက်ရှိအချိန်မှာလည်း Federal Wings ဒရုန်းတပ်ဖွဲ့ဟာ ကရင်ပြည်နယ်အတွင်းက ဒေသတွေ အပါအဝင် မွန်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းမှာပါ ဒရုန်း Mission တွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့ ညနေပိုင်းအချိန်မှာ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံး တွေဖြစ်တဲ့ ရဲစခန်းနဲ့ အထွေထွေအုပ်ချုပ်ရေးရုံးတို့ကို Federal Wings ဒရုန်းတပ်ဖွဲ့မှ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရာရှိတွေအပါအဝင် ၆ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ နယ်မြေခံသတင်းအရင်းမြစ်တွေရဲ့ ပြောပြချက်အရသိရပါတယ်။

သတင်း – နော်ဖူးဖူး

ဓါတ်ပုံး – Federal Wings

Phar Si Than (People’s Radio Myanmar)