မေတ္တာမြို့တဝိုက်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်

မတ်လ ၇ရက်နေ့၊ ၂၀၂၄ခုနှစ်

 

ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ၊ မေတ္တာမြို့နဲ့ အနီးတဝိုက်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အရှေ့တောနယ် ဒေသခံတွေဆီကနေ သိရပါတယ်။

မတ်လ ၆ရက်နေ့၊ မနက် ၁၀နာရီလောက်မှာ အရှေ့တောဒေသရှိ မေတ္တာမြို့ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးသီးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ အရှေ့တော နယ်ဒေသခံက ဆိုပါတယ်။

“ ကျနော်တို့မှာ အခုဆို လေယာဉ်အသံဝဲတာနဲ့ ကြောက်နေရပြီ။ ဘယ်နေရာတွေကို ကြဲသွားမလဲဆိုတာကိုဘဲ့ စောင့်ကြည့်နေရတယ်။ တိုက်လေယာဉ်အသုံးပြုနေတာ အခုနဲ့ဆို နှစ်ကြိမ်ရှိပြီ” လို့သူက အခုလိုပြောပါတယ်။

အဲ့ဒီနောက် မတ်လ ၇ရက်နေ့၊ တနေ့တည်းမှာဘဲ စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ နောက်တစ်ကြိမ် ထပ်မံလာရောက်ပြီး ဗုံးသီးအလုံး ၂၀ကျော် ကြဲချတိုက်ခိုက်သွားတယ်လို့ အရှေ့တော နယ်ဒေသခံက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်က လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲတဲ့နေရာတွေကို မေတ္တာမြို့၊ ဟိန္ဒားရွာနဲ့ တောင်သုံးသုံးလုံးရွာတွေဘက်က ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေတွေကိုတော့ အတည်မပြုနိုင်သေးပါဘူး။

အရှေ့တောနယ်ဒေသမှာ နှစ်ဖက်စစ်ရေးအခြေအနေ တင်းမာနေပြီး  စစ်ကောင်စီတပ်က လေကြောင်းကနေ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ တောတောင်တွေနဲ့ ထိုင်းနိုင်ငံနယ်စပ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။

၂၀၂၄ခုနစ်အတွင်း တနင်္သာရီတိုင်းကို စစ်ကောင်စီတပ်က လေကြာင်းတိုက်ခိုက်မှုပြုလုပ်နေတာ ၁၅ကြိမ်နဲ့အထက်ရှိပြီး အရပ်သား ၂ဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

 

သတင်း- နော်အယ်နီး

ပုံ- Mi-2ရဟတ်ယာဉ်

Phar Si Than (People’s Radio Myanmar)