
မတ်လ ၈ရက် ၂၀၂၄ခုနှစ်
ကရင်ပြည်နယ်၊မြဝတီမြို့အဝင်ရှိ သင်္ဃန်းညီနောင်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားနေကာစစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့်ဒေသခံအရပ်သားပြည်သူထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
မတ်လ ၇ ရက်နေ့နေ့လည် ၁နာရီဝန်းကျင်အချိန်ကနေစပြီး သင်္ဃန်းညီနောင်ကျေးရွာအတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သလို စစ်ကောင်စီတပ်လက်အောက်ခံ ခလရ ၂၇၅ တပ်ရင်းနဲ့ သင်္ဃန်းညီနောင်ဗျူဟာကုန်းကနေလက်နက်ကြီးနဲ့ပစ်ခတ်တာ၊လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာတွေကြောင့်လည်းရွာသစ်ကျေးရွာရှိ(၉၀၁)ခြံဝင်းအနီးကအသက် ၃၀ဝန်းကျင်အရွယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့သလို နေအိမ်အများအပြားခိုက်ပျက်စီးခဲ့တယ်လို့ ရွာသစ်ကျေးရွာကအမျိုးသမီးတစ်ဦးကပြောပါတယ်။
“အစ်မတို့အသိထဲကပဲ လက်နက်ကြီးထိထားတာ လက်နက်ကြီးတွေကရမ်းပစ်ရင်းအိမ်ကိုမှန်ပြီး ဒီအစ်မကဆုံးသွားတာအိမ်တွေလည်းထိထားတာတော့အများကြီးပဲ အခုကတော့ ၂လုံးပဲသိသေးတယ် ညနေပိုင်းလိုကျ လေယာဉ်တွေ၃စီးအတွဲအခုလည်းလေယာဉ်တွေပျံနေတယ်အခုထိလည်းလာပစ်နေတုန်းပဲ”လို့ သူကပြောပါတယ်။
ဒါ့အပြင်မတ်လ ၇ရက်နေ့နဲ့ ၈ရက်နေ့၂ရက်လုံးမှာလည်း ခမရ ၃၅၅တပ်ရင်းအနီးတစ်ဝိုက်တိုက်ပွဲဖြစ်ပွားနေသလို ဒီနေ့မတ်လ ၈ရက်နေ့မနက်အစောပိုင်းကနေစပြီး စစ်တပ်ရဲ့ ခလရ ၂၇၅ တပ်ကနေလက်နက်ကြီးနဲ့ တစ်မနက်လုံးပစ်ခတ်နေကာ မနက်၁၀ နာရီဝန်းကျင်အချိန်မှာ သင်္ဃန်းညီနောင်ကျေးရွာတစ်ဝိုက် ဂျက်ဖိုက်တာလေယာဉ်နဲ့ပျံဝဲနေပြီး ၁၂နာရီဝန်းကျင်ကနေအခုချိန်ထိကို လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
လက်ရှိအချိန် ရွာသစ်ကျေးရွာက ဒေသခံတွေမှာလည်း ဘေးလွတ်ရာတောတောင်တွေမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မဲကနယ်ကျေးရွာကဒေသခံတစ်ဦးကဆိုပါတယ်။
“ညကတော့၂ခါလေယာဉ်နဲ့တက်လာတယ် ည၁၁ခွဲကတစ်ခါ ၂ခွဲကတစ်ခါ စက်သေနတ်အသံတွေလည်း ကြားရတယ် ညကကောမနက်စောစောကော လမ်းသွားလမ်းလာတွေတော့မရှိသလောက်ပဲ ၃၅၅မှာတော့မနက်ကတိုက်ပွဲဖြစ်တယ် ရွာသစ်မှာလည်းဘယ်သူမှမကျန်ကြတော့တော့ဘူး လေယာဉ်လဲ၁၀နာရီကတည်းကလာဝဲနေတာ အခုတော့ပစ်ချတာတစ်လုံးပြီးတစ်လုံးပဲပစ်နေတာ”လို့ဆိုပါတယ်။
ဒီနေ့မတ်လ၈ရက်နေ့ နေ့လည်၁၁နာရီဝန်းကျင်အချိန်မှာတော့ စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးတွေနဲ့ တစ်နေကုန်မရပ်မနားပစ်ခတ်နေတာကြောင့်ရွာသစ်ကျေးရွာထိပ်ရှိ သဘာဝတရားရိပ်သာမှာ လက်နက်ကြီးကျရောက် ပေါက်ကွဲကာသက်ကြီးရွယ်အိုတွေနဲ့နာမကျန်းဖြစ်သူ၂ဦးသေဆုံးပြီး ၈ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကျေးရွာနေပြည်သူများကဆိုသည်။
ပြီးခဲ့တဲ့ဖေဖော်ဝါရီ၂ရက်နေ့ကလည်း သင်္ဃန်းညီနောင်ကျေးရွာအတွင်း စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကာစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်တစ်ဦးသေဆုံးကာ နေအိမ်၄လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ပုံ – Cj
Phar Si Than (People’s Radio Myanmar)