
မတ်လ ၅ ရက်၊ ၂၀၂၄ ခုနှစ်
ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် ၁၈ အခြေခံပညာ မူလတန်းကျောင်းရှေ့ရှိ အလင်းအိမ် လျှပ်စစ်ပစ္စည်းဆိုင် ဓားပြတိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မတ်လ ၃ ရက်နေ့ ည၉ နာရီလောက်က အလင်းအိမ် လျှပ်စစ်ပစ္စည်းဆိုင်ကို မျက်နှာဖုံးတပ်ထားတဲ့ လူ ၃ ယောက် သေနတ်နဲ့ဝင်ရောက်လာပြီး ဓားပြတိုက်ခဲ့ကာ မြန်မာငွေကျပ် ၁၀ သိန်းကျော်နဲ့ လက်ဝတ်ရတနာတချို့ကို ယူဆောင်သွားခဲ့တယ်လို့ အလင်းအိမ်ဆိုင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
” လူ ၃ ယောက်က ဝင်လာတယ်၊ အကုန်လုံးကို အိမ်ထဲမှာစုထိုင်ခိုင်းပြီးတော့ ပိုက်ဆံတွေယူသွားတာ၊ ၁၀ သိန်းကျော်လောက်ပါသွားတယ်၊ ရွှေတွေလည်းယူသွားတယ်၊ လက်ထဲမှာ သေနတ်ကော ဓားတွေကော ပါတယ်၊” လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဓားပြတိုက်ခံရတဲ့ အလင်းအိမ် လျှပ်စစ်ပစ္စည်းဆိုင်ဟာ ဘားအံမြို့အဝင်နားမှာရှိပြီး အနားမှာလည်း လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်ဂိတ်ရှိတယ်လို့ သိရပါတယ်။
လက်ရှိအချိန် ဘားအံမြို့ထဲမှာ ဆိုင်ကယ်ပျောက်တာတွေ အိမ်ဖောက်ခံရပြီး ပစ္စည်းအခိုးခံရတာတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
” အခုတလောတော့မဟုတ်ဘူး၊ မြို့ထဲမှာ ဆိုင်ကယ်ပျောက်တာတွေ၊ ကားပျောက်တာတွေက တစ်ချိန်လုံးကြားနေရတယ်၊ အိမ်ဖောက်ခံရတာတွေလည်း ခနခနကြားနေရတယ်၊ ” လို့ ဘားအံမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က ဘားအံမြို့တစ်မြို့လုံးကို CCTV တပ်ပြီးစောင့်ကြည့်တာတွေ၊ မြို့ဝင် မြို့ထွက်နေရာတွေမှာ အစစ်အဆေးတင်းကြပ်တာနဲ့ ညဘက်မှာ စစ်ကားနဲ့ ကင်းပတ်တာတွေရှိနေပေမဲ့ ပစ္စည်းပျောက်တာတွေ နေ့တိုင်းရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောစကားအရ သိရပါတယ်။
သတင်း – ကိုဖြိုး
သတင်း – Social Media
Phar Si Than (People’s Radio Myanmar)