
မတ်လ ၂၃ရက်နေ့၊ ၂၀၂၄ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ ရပ်ကွက်တွေမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက တစ်အိမ်တက်တစ်အိမ်ဆင်း လိုင်စင်နံပါတ်တွေနဲ့ ဆိုင်ကယ်အစီးရေတွေကို စာရင်းကောက်တာတွေ လုပ်ဆောင်နေတယ်လို့ မြိတ်မြို့ဒေသခံတွေဆီကနေ သိရပါတယ်။
မတ်လ ၁၆ရက်နေ့လောက်က မြိတ်မြို့ပေါ် ရပ်ကွက်တွေဖြစ်တဲ့ နောက်လယ်၊ ရေပုန်း၊ ပါရမီ၊ ဘုရားကိုင်၊ မြစ်မ စတဲ့ရပ်ကွက်တွေမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေက ဆိုင်ကယ်လိုင်စင်နံပါတ်တွေနဲ့ ဆိုင်ကယ်အစီးရေတွေ စာရင်းကို ကောက်ယူသွားတယ်လို့ မြိတ်မြို့ဒေသခံတစ်ဦးက ဆိုပါတယ်။
“ လာကောက်တာက တပတ်နီးပါးလောက်ရှိပြီ။ ရပ်ကွက်တိုင်းမကောက်ဘူး။ အိမ်ကိုလာပြီး ကား၊ ဆိုင်ကယ် အဲ့တာတွေလိုင်စင်ရှိလား။ပြီးတော့ လိုင်စင်နံပါတ်မှတ်သွားတယ်” လို့သူက အခုလိုပြောပါတယ်။
ဆိုင်ကယ်စာရင်းလာကောက်တဲ့အချိန်မှာ လိုင်စင်ရှိဆိုင်ကယ်တွေကိုဘဲ့ စာရင်းကောက်ယူသွားပြီး လိုင်စင်မရှိတဲ့ ဆိုင်ကယ်တွေကိုတော့ သိမ်းမယ်ဆိုပြီး ပြောသွားခဲ့တယ်လို့ မြိတ်မြို့ဒေသခံက ပြောပြပါတယ်။
“ အိမ်မှာ သုံးစီးရှိလည်း လိုင်စင်ရှိတဲ့တစ်စီးဘဲ့ စာရင်းပေးရတယ်။ ဆိုင်ကယ်အမည်၊ အရောင်၊ နေရပ်၊ ပိုင်တဲ့သူအမည်၊ မှတ်ပုံတင်နံပါတ်။ လိုင်စင်မရှိရင်တော့သိမ်းမယ်လို့ ပြောတယ်” လို့သူက ဆက်ပြောပါတယ်။
မြိတ်မြို့ဒေသခံတွေအနေနဲ့ အခုလို ဆိုင်ကယ်စာရင်းကောက်ယူတာဟာ စစ်ကောင်စီတပ်တွေမှာ တခြားရည်ရွယ်ချက်တွေရှိနေနိုင်ပြီး လိုင်စင်မဲ့ဆိုင်ကယ်တွေ သိမ်းဆည်းခံရမှာကိုလည်း စိုးရိမ်နေကြတယ်လို့သိရပါတယ်။
မြိတ်မြို့ပေါ်ရှိ အမျိုးသမီးတစ်ဦးက “ သူတို့ကို တခုခုလာလုပ်ရင် ဆိုင်ကယ်တွေနဲ့လေ။ အဲ့ကျရင်နံပါတ်ကြည့်ပြီး ပိုင်ရှင်ဘယ်သူလဲ သိအောင်နေမှာပေါ့” လို့သူက ဆိုပါတယ်။
အခုလက်ရှိ မြိတ်မြို့မှာ လိုင်စင်ရှိ နောက်ဆုံးပေါ် clickဆိုင်ကယ်တစ်စီးကို ကျပ်သိန်း ၁၀၀ကျော်ရှိပြီး လိုင်စင်မပါတဲ့ တစ်စီးကို ကျပ်သိန်း ၈၀ကျော်ရှိတယ်လို့ ဆိုင်ကယ်အရောင်းအဝယ်လုပ်နေတဲ့ သူတွေဆီကနေ သိရပါတယ်။
အခုလို စစ်ကောင်စီတပ်က ဆိုင်ကယ်စာရင်းကောက်ယူတာ တနင်္သာရီတိုင်းအတွင်း မြိတ်မြို့မှာ ပထဆုံးဖြစ်တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း- နော်အယ်နီး
ပုံ- မြိတ်မြို့
Phar Si Than (People’s Radio Myanmar)