ကော့ကရိတ် ထီဖိုးစံရွာဘက်မှာ KNLA မဟာမိတ်တပ်ဖွဲ့တွေတိုက်ခိုက်လို့အကြမ်းဖက်စစ်တပ် အကျအဆုံးများပြီး လက်နက်များသိမ်းဆည်းရမိ

ကော့ကရိတ် ထီဖိုးစံရွာဘက်မှာ KNLA မဟာမိတ်တပ်ဖွဲ့တွေတိုက်ခိုက်လို့အကြမ်းဖက်စစ်တပ် အကျအဆုံးများပြီး လက်နက်များသိမ်းဆည်းရမိ


By − People’s Radio Myanmar
Date – November 8, 2025

ကရင်ပြည်နယ် ကော့ကရိတ်မြို့မြောက်ပိုင်း ထီဖိုးစံ၊ မိဖာလဲ ကျေးရွာလမ်း ပိုင်းမှ ဒေါနတောင်အောက်ဘိုတဲလမ်းပိုင်းကို ထိန်းချုပ်ဖို့ တက်လာတဲ့ စစ်အုပ်စုစစ်ကြောင်းကို နိုဝင်ဘာလ ၇ရက် မနက်က KNLA ပူးပေါင်း ကလိုထူးဝါးဗျူဟာ စစ်ကြောင်းကဖြတ်တောက် တိုက်ခိုက်လို့ စစ်အုပ်စုဘက်ကအထိအခိုက်အကျအဆုံးများပြီး တပ်လန်ပြန်ဆုတ်ရတယ်လို့ KNLA မဟာမိတ်တပ်ဖွဲ့ စစ်ကြောင်းတာဝန်ရှိသူက ပြောပါတယ်။

အဲဒီမနက်ပိုင်း တိုက်ပွဲထဲမှာ စစ်တပ်ဆုတ်ခွာ ထွက်ပြေးသွားတဲ့ နေရာတွေကို KNLA မဟာမိတ်တပ်ဖွဲ့တွေ နယ်မြေ ရှင်းလင်းရာတာမှာတော့ စစ်တပ်က သေဆုံးကျန်ခဲ့တဲ့အလောင်း ၁၀ လောင်းဝန်းကျင်နဲ့ စက်သေနတ် ၁ လက်အပါအဝင်သေနတ် ၅လက်ကျည်များသိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

” ထီးဖိုးစံနဲ့ မိဖာလဲကြားမှာ ကြက်မောက်ခြံပေါ့နော် ဒီနေ့လည်း မနက်ကပစ်ကြတယ်၊ ပစ်‌ပြီးမှ ဆယ်နာရီခွဲ ဆယ့်တစ်နာရီလောက်မှာ နေရာရှင်းလင်းရေးသွားလုပ်တာ၊ သေနတ် ၅လက်ရတယ်၊ရန်သူအလောင်းတော့အနည်းဆုံးသေတာနဲ့ ၁၀ လောင်းဝန်းကျင်ရှိတယ်လို့သတင်းပို့လာတယ်၊သေနတ်၅လက်ရတယ်ပေါ့၊ ထပ်ပြီးလိုက်ရှာလိုက်ရှင်းနေတုန်းဘဲ “လို့ ကလိုထူးဝါးဗျူဟာစစ်ကြောင်တာဝန်ရှိသူက ပြောပါတယ်။

အခုလို အကြမ်းဖက်စစ်တပ်ကအထိနာအကျအဆုံးများနေတဲ့ ထီဖိုးစံ၊ နောင်ကိုင်း၊ မိဖာလဲလမ်းပိုင်းကို ဖားအံတပ်မ ၂၂ က နေကျုံဒိုးမြို့ဘက်ကို စစ်ကူနဲ့ လက်နက်ခဲယမ်းတွေနေ့တိုင်း ပို့ဆောင် နေပြီး၊ ကျုံဒိုး ခလရ ၅၄၅၊ ၅၄၆ တပ်က စစ်သားသစ်များအပြင် DKBA ဗိုလ်ဘိတပ်ဖွဲ့ဝင်များ ပူးပေါင်းအင်အား ၁၅၀ ခန့် ထပ်မံပြီး ထီဖိုးစံရွာဘက်စစ်ကူပို့ဆောင်လာနေတယ်လို့ သိရပါတယ်။

” ရှေ့တန်းမှာလည်း စစ်တပ်တွေ DKBA တွေ၊ BGFတွေကတော့ တစ်နေ့ကို လေး၊ ငါး၊ ရှစ်‌လောင်း၊ ဆယ်‌လောင်းကတော့ကျနေတာဘဲ ၊ ကျလည်းဆက်တက်နေတာဘဲ၊ စစ်ကူက ကျုံးဒိုးကနေပို့လာနေတာဆိုတော့ တိုက်ပွဲကမရပ်ဘူး၊ကိုယ်ဘက်ကတော့ အထိအခိုက် နဲနဲ တော့ရှိတယ်၊ စစ်သားတွေ၊ DKBAတွေ၊BGF တွေ ထိတဲ့ကောင်တွေကတော့ တောင်ကလေး ဆေးရုံဘက်ပြန်သယ်ပို့တယ်” လို့ KNLA ရှေ့တန်းသတင်းအရင်းအမြစ်ကပြောပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၈ရက် မနက်ပိုင်းမှာ တော့ ကျုံဒိုး၊ မြပတိုင်လမ်း‌ကြောင်းကနေ DKBA ဗိုလ်ဘိအဖွဲ့နဲ့ အကြမ်းဖက်စစ်တပ် စစ်ကူတွေ အင်အား၁၀၀ဝန်းကျင် ကွီမောင်တိုင်၊ မိဖာလဲ၊ ထီဖိုးစံရွာပြင်ကွင်းဘက်သို့ ဦးတည်လာနေကြောင်း ဒေသခံတွေ သတင်းပေးပို့ချက်အရ သိရပါတယ်။

လတ်တလောမှာတော့ အကြမ်းဖက်စစ်တပ်က ဒေါနတောင်လမ်းဟောင်း၊အာရှလမ်းသစ်အား အပြည့်အဝထိမ်းချုပ်နိုင်ဖို့စစ်သားသစ်အများအပြားအသုံးပြုပြီး စစ်ဆင်တိုက်ခိုက်နေသလို၊ဒေသအခြေစိုက် DKBA ၊BGF ၊PC ငြိမ်းချမ်းရေးကောင်စီအဖွဲ့များအား စစ်ရေး၊ သယ်ယူပို့‌ဆောင်ရေးကိစ္စတွေကို အကြမ်းဖက်စစ်တပ်အတွက် အကူအညီပေးနေရတယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *