အရှေ့တောနယ်မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေချိန် စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲ

ဖေဖော်ဝါရီလ ၂၇ရက်နေ့၊ ၂၀၂၄ခုနှစ်

 

ထားဝယ်ခရိုင်၊ အရှေ့တောနယ်ဒေသမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ အပြင်းထန် တိုက်ပွဲဖြစ်ပွားနေတဲ့အချိန် စစ်ကောင်စီတပ်တွေဘက်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တွေဆီကနေ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၆ရက်နေ့၊ နေ့လည် ၁၂နာရီခွဲလောက်မှာ တောင်သုံးလုံးရွာနဲ့ ရွှေချောင်းရွာတို့ကို K8W တိုက်လေယာဉ်နဲ့ ဗုံးသီး ၃လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုပါတယ်။

“ မနက်ပိုင်းမှာက လက်နက်ကြီးလည်းပစ်တယ်။ လေယာဉ်နဲ့လည်း ဗုံးလာချတာ။ လေယာဉ်သံက တိုက်လေယာဉ်ဆိုတာ သိသာတယ်။ ရဟတ်ယာဉ်နဲ့တောင်မဟုတ်တော့ဘူး” လို့ သူက အခုလိုပြောပါတယ်။

ဖေဖော်ဝါရီလ ၂၅ရက်နေ့ကတည်းက ကျောက်မဲတောင်ရွာကနေ ထွက်လာတဲ့ စစ်ကြောင်းနဲ့ ဒေသတော်လှန်ရေးတပ်တို့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ဖေဖော်ဝါရီလ ၂၆ရက်နေ့ တနေ့တည်းမှာဘဲ့ ညနေ ၃နာရီ ၄၀မိနစ်လောက်မှာတော့ တိုက်လေယာဉ်နဲ့ နောက်တစ်ကြိမ် ထပ်မံလာရောက် ဗုံးကြဲသေးတယ်လို တော်လှန်ရေးရဲဘော်က ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ရွှေချောင်းရွာက အိမ်နှစ်ဆောင် မီးလောင်ပျက်စီးပြီး ရွာသားတစ်ဦး သေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲတယ်လို့ ကနဦးသိရပေမယ့် အတည်မပြုနိုင်သေးပါဘူး။

နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတာကြောင့် အရှေ့တော်ဒေသရှိ ဒေသခံအချို့ကတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နိုင်ပေမယ့် တချို့ကတော့ ရွာထဲမှာ ပိတ်မိနေတာတွေလည်းရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

အရှေ့တောဒေသမှာ ဆက်သွယ်ရေးလိုင်းတွေလည်း ဖြတ်တောက်ခံထားရတယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်းထဲရှိ ထားဝယ်၊ ပုလော၊ တနင်္သာရီနဲ့ ကျွန်းစုမြို့နယ်တွေကို စစ်ကောင်စီတပ်က ၂၀၂၄ခုနှစ်အစ နှစ်လအတွင်း လေကြောင်းကနေ တိုက်ခိုက်တာ ၉ကြိမ် ရှိပြီဖြစ်တယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေ အရ သိရပါတယ်။

 

သတင်း- နော်အယ်နီး

ပုံ- စစ်ကောင်စီတပ်ရဲ့ Mi-2ရဟတ်ယာဉ်

Phar Si Than (People’s Radio Myanmar)