၃လနီးပါးကြားတဲ့နေရပ်မပြန်နိုင်သေးတဲ့ ကော့ကရိတ်မြို့က စစ်ဘေးရှောင်တွေ နေထိုင်စားသောက်ရေးအတွက် ပိုမိုခက်ခဲလာ

ဖေဖော်ဝါရီလ ၂၃ရက်၊ ၂၀၂၄ခုနှစ်

 

ကရင်ပြည်နယ်၊ ကောကရိတ်မြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ၁ရက်နေ့က နေအခုဖေဖော်ဝါရီလ ၂၁ရက်နေ့အထိကို စစ်ကောင်စီတပ်နဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေတိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံပြည်သူတွေမှာ ၃လနီးပါးကြားတဲ့အထိ နေရပါမပြန်နိုင်သေးပဲ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ပြောပြချက်အရသိရပါတယ်။

ကော့ကရိတ်မြို့က စစ်ရှောင်ပြည်သူ၂၀၀၀၀ ဝန်းကျင်ဟာ မော်လမြိုင်၊ဘားအံ၊ သာမည၊ကျုံဒိုးနဲ့ ဘေးလွတ်ရာကျေးရွာတွေမှာစစ်ဘေးတိမ်းရှောင်နေရတာဖြစ်ပြီး နေထိုင်စားသောက်ရေးအတွက်အခက်အခဲတွေနဲ့ကြုံတွေ့နေရတာကြောင့် တစ်ချို့မှာကြုံရာ ကျပန်းလုပ်ကိုင်နေရသလို၊ တစ်ချို့မှာလည်း နေထိုင်စရာမရှိကြောင့် မြေကြီးပေါ်မှာ တာလပတ်ကာပြီး နေထိုင်သူတွေလည်းရှိတယ်လို့ စစ်ရှောင်နေသူအမျိုးသား တစ်ဦးကပြောပါတယ်။

“အခုဆိုရင်စစ်ရှောင်ကာလက၃လဝန်းကျင်ထဲမှာဖြစ်နေပြီးမိသားစုတစ်စုမပြောနဲ့လေအလုပ်မရှိအကိုင်မရှိနေစရာနေရာမရှိပဲနဲ့လူလွတ်တောင်၁ပတ်၊၁၀ရက်အားကရပ်တည်ဖို့မလွယ်ကူတဲ့အချိန်ကာလစားနပ်ရိက္ခာတွေကလည်းဈေးကြီးတယ်၊ကော့ကရိတ်ကလူတွေကလည်းလက်လုပ်လက်စားတွေများကြတယ်အခုကရေကြည်ရာမြက်နုရာတော့လုပ်ကိုင်စားသောက်နေကြတာပေါ့ အားလုံးကခက်ခဲနေကြတဲ့လူကြီးပဲတစ်ချို့ရွာမှာ စစ်ရှောင်သွားတဲ့လူတွေနေရာမရှိဘူး မြေကြီးမှာအိမ်နေတဲ့လူတွေလည်းတွေ့တယ်”လို့သူကပြောပါတယ်။

ဒါ့အပြင်ဆွေးမျိုးတွေရှိရာနေရာတွေမှာရှောင်တိမ်းနေတဲ့စစ်ရှောင်တစ်ချို့ကတော့နေထိုင်စားသောက်ရေးအတွက်အခက်အခဲမရှိပေမဲ့ဘုန်းကြီးကျောင်းတွေမှာတိမ်းရှောင်နေသူမှာ စစ်ရှောင်ကာလကြာလတာကြောင့် အလှူရှင်နည်းပါးလာသလို စစ်ရှောင်တွေနေထိုင်တဲ့ ဘုန်းကြီးကျောင်းတစ်ချို့မှာလည်း အခုဖေဖော်ဝါရီလကုန်အထိသာ လက်ခံထားရှိတော့မယ်လို့သာ ကြားသိရတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးကဆိုတယ်။

“အခက်အခဲကတော့အကုန်ပါပဲ အခုကဆွေမျိုးတွေအိမ်မှာနေရတယ် ဒါပေမဲ့လည်း အိမ်ကိုပဲစိတ်ပူနေရတယ်မီးကလည်း မကြာမကြာလောင်နေတော့ အိမ်ဘယ်တော့ပါမလည်း စိတ်ပူရတယ်မရှိတဲ့သူတွေဆို နေထိုင်စားသောက်ရေးလုံးဝအအဆင်မပြေဘူး ဘုန်းကြီးကျောင်း တွေမှာတော့နေစရာလုပ်ထားပေးတာရှိတယ် ကြာတော့လည်းအလှူရှင်နည်းလာတာပေါ့ တစ်ချို့ဘုန်းကြီးကျောင်းဆိုဒီလကုန်ထိပဲ လက်ခံမယ်ပြောနေတယ်”ဆိုပါတယ်။

ပြီးခဲ့တဲ့ဖောဖော်ဝါရီလ ဒုတိယအပတ်လောက်ကလည်းကော့ကရိတ်မြို့တွင်း ပစ္စည်းသယ်သူတွေကို စစ်ကောင်စီတပ်သားတွေကသေနတ်နဲ့ပစ်ခတ်ခဲ့သေးတယ်လို့ဒေသခံတွေကပြောပါတယ်။

အခုဖေဖော်ဝါရီတစ်လအတွင်းမှာပဲစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်တာနဲ့ ရှို့မီးတွေကြောင့်ကော့ကရိတ်မြို့တွင်းကနေအိမ်အလုံး၂၀၀ဝန်းကျင်လောက် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

 

သတင်း-နော်ဖူးဖူး

ပုံ-Cj

Phar Si Than (People’s Radio Myanmar)