
ဖေဖော်ဝါရီလ ၂၃ရက်၊၂၀၂၄ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊PDF ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်က လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေ ၅နာရီခွဲလောက်ကစပြီး ၂၂ရက်နေ့ ည၉ နာရီကျော်တဲ့အထိ ကော့ကရိတ်မြို့ထဲမှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဆက်ဖြစ်နေသလို စစ်တပ်ရဲ့ ခလရ ၉၇ ကနေ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
” တိုက်ပွဲကဖြစ်လိုက်နားလိုက်နဲ့ဘဲ၊ လက်နက်ကြီးကတော့ ဆက်တိုက်ပစ်နေတာ၊ ညတုန်းကဆိုရင် မိုးချုပ်မှောင်နေတာတောင် လက်နက်ကြီးတွေကော လက်နက်သေးတွေနဲ့ကောပစ်နေတာ၊ ၂၁ ရက်နေ့ကဘဲမီးလောင်တယ်၊ လောလောဆယ်တော့မီးထပ်လောင်တာမရှိသေးဘူး၊” လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကော့ကရိတ်မြို့ ကြာအင်းကုန်းရပ်ကွက်မှာနေထိုင်တဲ့ ဒေသခံအမျိုးသားနှစ်ဦး လက်နက်ကြီးစထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးက “သူတို့နှစ်ယောက်လုံးက ကြာအင်းကုန်းမှာနေတာ၊ အိမ်ကပစ္စည်းတွေကို ဝင်ယူရင်းနဲ့ လက်နက်ကြီးထိတာ၊သေတော့မသေဘူး၊ ခြေထောက်တွေမှာဘဲ လက်နက်ကြီးစထိတာ၊” လို့ပြောပါတယ်။
ဒဏ်ရာရရှိသူတွေမှာ အသက် ၆၁ နှစ်အရွယ် ဦးဌေးအောင်နဲ့ အသက် ၄၂ နှစ်အရွယ် ဦးစိုးနေဇာထူးတို့ဖြစ်ပြီး လက်ရှိမှာတော့ ဘားအံဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
လက်ရှိအချိန် ကော့ကရိတ်မြို့ထဲက နေရာအနှံ့အပြားမှာ တိုက်ပွဲတွေဖြစ်ပွားနေသလို စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ စစ်တပ်သတင်းပေးသူတွေရဲ့ မီးရှို့ဖျက်ဆီးတာတွေကြောင့် ဒေသခံနေအိမ် ၃၀၀ နီးပါး မီးလောင်ပျက်စီးနေပြီဖြစ်တယ်လို့ KNLA သတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။
သတင်း-ကိုဖြိုး
ဓာတ်ပုံ -Social Media
Phar Si Than (People’s Radio Myanmar)