ကြာအင်းဆိပ်ကြီးက စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေ ဒရုန်းနဲ့​ဗုံးကြဲခံရလို့ သေဆုံးမှုရှိနေ

 

သြဂုတ်လ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာအစိုးရရုံးတွေ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် သေဆုံးမှုတွေရှိနေတယ်လို့ သိရပါတယ်။

သြဂုတ်လ ၂၈ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန်မှာ ကြာအင်းဆိပ်ကြီးမြို့မှာရှိတဲ့ စစ်ကောင်စီတပ်​လက်အောက်ခံ ဌာနဆိုင်ရာအစိုးရရုံးတွေဖြစ်တဲ့ စည်ပင်ရုံး၊ စာရင်းစစ်ရုံးနဲ့ စိုက်ပျိုးရေးဘဏ်တို့က စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ သွားရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်မှ ၂ ဦးသေဆုံးကာ ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNLA သတင်းအရင်းမြစ်တစ်ဦးကပြောပါတယ်။

“တနင်္လာနေ့ည ၁၀း၃၀ ကြာအင်းဆိပ်ကြီး ဒရုန်းစစ်ဆင်ရေး စခ၂ ကောင်သေ ၁ ကောင်က ဒဏ်ရာရတယ်၊ စည်ပင်ရုံး စာရင်းစစ်ရုံး စိုက်ပျိုးရေးဘဏ်တို့မှာ ကင်းပုံးဝပ်နေတဲ့ စခတွေနေရာကို” လို့ သူပြောပါတယ်။

အခုလိုဒရုန်းနဲ့ ဗုံးကြဲခံရပြီးနောက်ပိုင်း စစ်ကောင်တပ်ဘက်မှ လက်နက်ကြီးတွေနဲ့ ပြန်လည် ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

“ညကတော့ ပစ်တယ်လေ ၄ လုံး လောက်ရှိတယ် ၂ ညရှိပြီး ပစ်တာတော့ဘာမှတော့မဖြစ်ပါဘူး ဖြစ်နေကျပဲ ဒီမနက်တော့ ပုံမှန်ပဲသွားလာလှုပ်ရှားနေကြတာပဲ ထိခိုက်ပျက်စီးတာတော့ မကြားမိဘူး” လို့ သူကပြောပါတယ်။

အခုလို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေနဲ့ပတ်သက်ပြီး နယ်မြေခံပြည်သူ့ကာကွယ်ရေး​တပ်ဖွဲ့ဝင်တွေဘက်မှ တစ်စုံတစ်ရာထုတ်ပြန်ထားတာမျိုးမရှိ​သေးပါဘူး။

ကြားအင်းဆိပ်ကြီးမြို့နယ်ထဲက စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေမှာ မကြာခဏ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံနေရတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့တုန်းကလည်း ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက စစ်ကောင်စီလက်အောက်ခံ ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ မြေစားရင်းရုံးတို့ ဒရုန်းနဲ့ ​ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပါသေးတယ်။

အခုလို စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေ မကြာခဏ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံနေရတာကြောင့် အစိုးရဝန်ထမ်းတွေမှာ ရုံးဝန်းအတွင်းမနေရဲကြတော့ပဲ နီးစပ်ရာ ဆွေမျိုးတွေမှာ သွားရောက်နေထိုင်ကြသလို ကြာအင်းဆိပ်ကြီးမြို့တွင်းမှာလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ညနေ ၆ နာရီအချိန်ကစတင်ပြီး ကင်းလှည့်စစ်ဆေးတာတွေကို ပြုလုပ်နေတာ ဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

ကရင်ပြည်နယ်အတွင်းက ဒေသတွေဖြစ်တဲ့ မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး၊ သံတောင်နဲ့ ဖာပွန်မြို့နယ်တွေဘက်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နေတိုင်းနီပါး နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ KNLA သတင်းအရင်းအမြစ်တွေရဲ့ ပြောပြချက်အရသိရပါတယ်။

သတင်း – နော်ဖူးဖူး

ဓါတ်ပုံ – ပုံဟောင်း

Phar Si Than (People’s Radio Myanmar)