
ဖေဖော်ဝါရီလ ၂၁ရက် ၂၀၂၄ ခုနှစ်
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့ ရေပူကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားလာမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ဒေသခံတစ်ချို့ဟာ နေရပ်ကနေ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီလ ၁၈ရက်နေ့လောက်က ရေပူကျေးရွာမှာ တိုက်ပွဲတွေဖြစ်ပွားလာမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး အခုလို သတင်းထွက်လာတဲ့နောက်ပိုင်း ကျေးရွာဒေသခံ ၂၀၀ နီးပါးဟာ ဘေးလွတ်ရာ လှိုင်းဘွဲမြို့နဲ့ ဘားအံမြို့ဘက်တွေကို ထွက်ပြေးတိမ်းရှောင်လာကြသလို ဘော်ဒါဆောင်လာနေကြတဲ့ ကျောင်းသား၊ကျောင်းသူတွေလည်း နေရပ်ပြန်သွားကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ ရွာမှာလူတွေမရှိတော့ဘူး၊ နည်းနည်းဘဲကျန်တယ်၊ ၁၈ရက်နေ့လောက်က တိုက်ပွဲဖြစ်မယ်ဆိုပြီးရွာထဲ ပြောနေကြပြီးတော့ လူတွေပြောင်းကုန်တာဘဲ၊ ၂၀၀ လောက်တော့ရှိမယ်၊ ဘားအံတို့ လှိုင်းဘွဲမြို့ဘက်တို့ကိုပြေးကြတာ၊ အခု ဘော်ဒါဆောင်လာနေတဲ့ လူတွေလည်း ကျောင်းထွက်ပြီး ပြန်ပြေးကုန်ကြပြီး၊” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၉ရက်နေ့ကလည်း လှိုင်းဘွဲမြို့မရဲစခန်းက တပ်သားတွေက မြို့မဘုန်းကြီးကျောင်းရှိ တစ်ပါးဆောင်တွေကို မိသားစုတွေထားဖို့ဆိုက ဓာတ်ပုံရိုက်ယူသွားသေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ မြို့မကျောင်းထဲကို ရဲစခန်းကလူတွေလာသွားတယ်၊ သူတို့မိသားစုကိုထားမယ်လို့ ဘုန်းကြီးကို လျှောက်ကြတယ်၊ ဘုန်းကြီးကတော့ လက်မခံဘူး၊ သူတို့ကို တစ်ခြားနေရာရှာခိုင်းတာ၊ သူတို့ကတော့ တစ်ပါးဆောင်တွေကို ဓာတ်ပုံရိုက်ယူသွားကြတယ်၊” လို့မြို့ခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် လှိုင်းဘွဲကျေးရွာအနီးတစ်ဝိုက်က ဒိုင်းပြ၊ နောင်ဘိုကြီးနဲ့ ရေပူကျေးရွာဘက်မှာ စစ်တပ်က မလိုက်မနေရ မဲနှိုက်ခိုင်းပြီး စစ်မှုထမ်းဖို့ လူခေါ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လက်ရှိအချိန် ကရင်ပြည်နယ်ထဲက မြဝတီ၊ကော့ကရိတ်၊သံတောင်ကြီးနဲ့ ကြာအင်းဆိပ်ကြီးမြို့တွေမှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေသလို နှစ်ဖက်ထိခိုက်ကျဆုံးတာတွေရှိနေတယ်လို့ KNLA သတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။
သတင်း-ကိုဖြိုး
ဓာတ်ပုံ-Social Media
Phar Si Than (People’s Radio Myanmar)