
ဖေဖော်ဝါရီလ ၁၆ရက်၊ ၂၀၂၄ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့တွင်းရပ်ကွက်မှာ စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီတပ်ခန့်ထားတဲ့ ရပ်ကွက်လူကြီးတွေက ဧည့်စာရင်းစစ်တာကို လိုက်လံပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စစ်မှုမထမ်းမနေရ ဥပဒေကို ထုတ်ပြန်ပြီးနောက်ပိုင်း အခုလို ဧည့်စာရင်းစစ်တာကို ပြုလုပ်နေတာပါ။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေ၆နာရီလောက်ကလည်း မြဝတီမြို့ ကျောက်လုံးကြီးဘုရားအနီးတစ်ဝိုက်က နေအိမ်တစ်ချို့မှာ စစ်ကောင်စီတပ်က ဧည့်စာရင်းစစ်တာကိုပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ ဧည့်စာရင်းမစစ်တာကြာပြီး၊ ညတုန်းကမှ အဲ့လို ရပ်ကွက်ထဲကို စစ်ကားတွေနဲ့ရောက်လာပြီး စစ်တာ၊ကျန်တဲ့ရပ်ကွက်တွေတော့မသိဘူး၊ ကျောက်လုံးကြီးနားကအိမ်တွေကိုတော့ စစ်သွားတယ်၊” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အရင်က ဧည့်စာရင်းစစ်တာမှာ အိမ်ထောင်စုစာရင်းတောင်းကြည့်တာလောက်ဘဲ ပြုလုပ်ခဲ့ပေမဲ့ အခုတစ်ခါ ဧည့်စာရင်းစစ်တဲ့အချိန်မှာတော့ လူစာရင်းအတိအကျနဲ့ နာမည်တွေကိုပါ မေးမြန်းသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ အရင်ကဆိုရင် လာစစ်ရင်တောင် အိမ်ထောင်စုစာရင်းပြလိုက်ရုံဘဲ၊ ဒီတစ်ခါကျတော့ လူဘယ်နှယောက်ရှိလဲတို့ ဘယ်သူတွေလဲ နာမည်တွေအကုန်မေးသွားတာ၊ လူစာရင်းကို အတိအကျကောက်သွားတယ်၊ သူတို့မေးချင်တာမေးပြီးပြန်သွားတယ်၊” လို့ အမှတ် ၄ ရပ်ကွက်မှာနေထိုင်တဲ့ ဧည့်စာရင်းစစ်ခံရသူတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန် မြဝတီမြို့အနီးတစ်ဝိုက်မှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးတင်းမာနေသလို မြို့ဝင် မြို့ထွက်မှာရှိတဲ့ စစ်တပ်ဂိတ်တွေမှာလည်း နယ်ဝေးကလာသူတွေကို အစစ်အဆေးတင်းကြပ်တာနဲ့ ဖမ်းဆီးတာတွေကို ပြုလုပ်နေတယ်လို့ သိရပါတယ်။
သတင်း- ကိုဖြိုး
ဓာတ်ပုံ- Social Media
Phar Si Than (People’s Radio Myanmar)