မြဝတီမြို့မှာ ကုန်ဈေးနှုန်းတစ်စတစ်စမြင့်တက်လာတာကြောင့် ဒေသခံတွေအခက် အခဲကြုံနေရ

ဇွန်လ ၃ရက် ၂၀၂၄

ကရင်ပြည်နယ်ရှိ မြဝတီမြို့နဲ့ ကော့ကရိတ်မြို့နယ်ကို အဓိကသွားလာရာလမ်းဖြစ်တဲ့ ထို့်ကော်ကိုးလမ်းပိုင်းမှာမိုးရွာသွန်းမှုကြောင့် ကားလမ်းပိတ်ဆို့တာ၊ဘတ်ငွေ ဈေးနှုန်း မတည်ငြိမ်တာတွေကြောင့် မြဝတီမြို့မှာကုန်ဈေးနှုန်းတစ်စတစ်စမြင့်တက်လာတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

မေလနောက်ဆုံးအပတ်လောက်ကနေစပြီးမိုးအဆက်မပြတ်ရွာသွန်းသလို ဘတ်ငွေဈေးမတည်ငြိမ်တာတွေကြောင့် ယခင်က ပေါ်ဆန်းမွှေးဆန်တစ်အိတ်ကို ၁၄၀၀၀၀ ဝန်းကျင်သာ‌‌ေပးရပြီး အခုလက်ရှိမှာ‌ေတာ့ ၁၇၀၀၀၀ကျပ်အထိ‌ေစျးနှုန်းမြင့်တက်သွားသလို ၊ယခင်က ကွမ်းရွက်တစ်ပိဿာကို ၂၀၀၀၀ ဝန်းကျင်တာပေးရပြီး အခုအခါမှာတော့ ၈၀၀၀၀ သောင်းကျပ်အထိမြင့်တက်သွားခဲ့ပါတယ် ။

ဒါ့အပြင် စားသုံးဆီ၅ကီလိုတစ်ပုံးကို ၃၀၀၀၀ ကျပ်အထိဈေးတွေမြင့်တက် လာတာဖြစ်တယ်လို့ မြဝတီမြို့ခံတစ်ဦးကပြောပါတယ်။

“ဆန်၊ဆီ၊ဆား၊ငရုပ်၊ကြက်သွန်အကုန်ဈေးတွေကတက်ပေမဲ့ ပြတ်တာမျိုးတော့မရှိသေးဘူး ကြက်သွန်နီတစ်ပိဿာဆိုလည်း၄၀၀၀ အရင်ဈေးတွေထက် နှစ်သောင်းသုံးသောင်း လောက်တက်တယ်ဆန်က၊ဈေးကတက်မိုးကမပြတ်တော့ အခြေခံလူထုတွေကြပ် တည်းတာပေါ့”လို့သူကပြောပါတယ်။

ဒါ့အပြင်အခုလို အခြေခံစားသောက်ကုန်တွေအပြင် ဟင်းသီးဟင်းရွက်တွေလည်း ဈေးအဆမတန်မြင့်တက်လာနေသလိုကျန်းမာရေးအတွက်လိုအပ်နေတဲ့ဆေးဝါးတွေမှာလည်းဝယ်လို့မရပဲပြတ်လပ်နေတယ်လို့ နောက်ထပ်မြို့ခံအမျိုးသားတစ်ဦးကဆိုပါတယ်။

“နံနံပင်၃ခတ်လောက်ပါတာကို၅၀၀၊ ချဉ်ပေါင်လည်းတူတူပဲ ငရုတ်သီးစိမ်းအတောင့်၃၀ကို ၁၀၀၀ပေးပြီးဝယ်ရတယ် သောက်ဆေး၊ထိုးဆေးတွေလည်းဝယ်လို့မရဘူးပေါ့ မိုးကကြီးလမ်းကပျက်နေတော့ အတက်ကားမရှိဈေးတွေတက်ဘတ်ဈေးတွေတက်တော့အကုန်ဈေးတက်တာပေါ့ ကြက်ဥတစ်လုံးကိုလည်း ၇၀၀ အခုလက်ရှိဆို”လို့ဆိုပါတယ်။

ကုန်ဈေးနှုန်းတွေအဆမတန်မြင့်တက်လာတာကြောင့် မြဝတီမြို့ရှိ အခြေခံလူတန်းစားတွေအပြင် ၊ စစ်ရှောင်ပြည်သူတွေပါ အခက်အခဲတွေနဲ့ရင် ဆိုင်လာရတာလည်း ဖြစ်ပါတယ်။

အခုလို ကုန်ဈေးနှုန်းမြင့်တက်နေတာဟာ မြဝတီမြို့တစ်မြို့ထဲမှာပဲ မဟုတ်ပဲ ကရင်ပြည်နယ်အတွင်းကဒေသတွေမှာကုန်ဈေးနှုန်းတွေအဆမတန်ဈေးမြင့်တက်နေတာဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရသိရပါတယ်။

သတင်း-နော်ဖူးဖူး

ပုံ-လူမှုကွန်ယက်

Phar Si Than (People’s Radio Myanmar)