
ဇန်နဝါရီလ ၁၂ရက်နေ့၊ ၂၀၂၄ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်ရှိ ကျေးရွာ ၁၀ရွာကျော်က ဒေသခံ ၅ထောင်ကျော် စစ်ဘေးတိမ်းရှောင်နေရပြီး စားရေးသောက်ရေး၊ နေရေးထိုင်ရေး၊ ကျန်းမာရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ရက်နေ့ကတည်းက လောင်းလုံမြို့နယ်ရှိ ကျေးရွာတွေထဲကို စစ်တပ်က အင်အား ၁၅၀ကျော်နဲ့ စစ်ကြောင်ထိုးဝင်ရောက်ပြီး ညောင်ပြင်ရွာ၊ အောက်ကျောက်ဝပ်ရွာ၊ သပြေရှောင်ရွာ၊ ဟင်းချိုတောရွာ၊ စစ်ပြဲရွာ၊ ရင်ထဲရွာ စတဲ့ကျေးရွာတွေက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတစ်ဦးက ဆိုပါတယ်။
ညောင်ပြင်ကျေးရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၈ရက်နေ့မှာ နေအိမ် ၁၀၀လောက်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူက ပြောပါတယ်။
“ ညောင်ပြင်မှာက မီးရှို့ခံရတာ ရွာနောက်ပိုင်းတစ်ပိုင်းလုံး ကုန်ပြီ။ အရင်က ရှို့တုန်းကလည်း ၆၀လောက်ပါသွားတယ်။ ရွာထဲကို ပြန်ဝင်ရင်တောင်မှ နေစရာကမရှိတော့ဘူး” လို့သူက အခုလိုပြောပါတယ်။
စစ်ကောင်စီတပ်က စစ်ကြောင်းဆက်တိုက်ထိုးနေတာကြောင့် စစ်ရှောင်တွေအတွက် ရိက္ခာသယ်ယူရ ခက်ခဲနေပြီး နေရာထိုင်ခင်း အခက်အခဲနဲ့ အဝတ်စား အသုံးဆောင်ပစ္စည်းတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
စစ်ရှောင်အမျိုးသမီးတစ်ဦးက “ စစ်ရှောင်နေရတာက တောတွေထဲရော၊ ခြံတွေထဲရော နေရာစုံပါဘဲ့။ စစ်ကြောင်းဝင်လာတဲ့အချိန် ရုတ်တရက်ပြေးရတော့ ဘာမှမပါခဲ့ဘူး။ တချို့တွေဆို အဝတ်တစ်ထည် ကိုယ်တစ်ခုဘဲ့။ အိမ်ကလည်း မီးလောင်တဲ့အထဲ ပါသွားတော့ ဘာဆိုဘာမှ မကျန်တော့တာ” လို့သူကပြောပြပါတယ်။
အဓိက စစ်ရှောင်နေရတဲ့သူတွေက ညောင်ပြင်ရွာ၊ အောက်ကျောက်ဝပ်ရွာက လူတွေအများဆုံးဖြစ်ပြီး စစ်ရှောင်ဦးရေ အတိအကျကိုတော့ မြေပြင်အခြေအနေအရ အတည်ပြုဖို့ ခက်ခဲနေတယ်လို့ စစ်ရှောင်အရေးကူညီနေသူက ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေက ကျေးရွာတွေက ဒေသခံတွေကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် စစ်ကြောင်းတစ်လျှောက် ခေါ်ဆောင်နေတယ်လို့ လောင်းလုံမြို့နယ် ဒေသခံတွေက ပြောပါတယ်။
အခုလက်ရှိမှာတော့ စစ်ကောင်စီတပ်သားတွေက အောက်ကျောက်ဝပ်ကျေးရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်နေပြီး နေအိမ်တွေမှာ မွှေနှောက်ရှာဖွေတာတွေကို လုပ်ဆောင်နေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း- နော်အယ်နီး
ပုံ- Comrade of the same Blood
Phar Si Than (People’s Radio Myanmar)