ပုလောမှာ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တရက်တွင်း နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်

ဒီဇင်ဘာလ ၁၄ရက်နေ့၊ ၂၀၂၃ခုနစ်

 

တနင်္သာရီတိုင်းဒေသကြီး၊ စစ်အုပ်ချုပ်ရေးဒေသ ပုလောမြို့နယ်မှာ မြေတင်သားသုံးစီးနဲ့ လိုက်ပါလာတဲ့ စစ်ကောင်စီတပ်သား အင်အား ၄၀လောက်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက တရက်တွင်း နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၁)ရဲ့ ပြန်ကြားရေးတာဝန်ခံဆီကနေ သိရပါတယ်။

ဒီဇင်ဘာလ ၁၂ရက်နေ့၊ မနက် ၈နာရီခွဲလောက်မှာ ပုလောမြို့အခြေစိုက် ခလရ (၂၈၅)တပ်ရင်းကနေ ပလောက်မြို့ဘက်ကို ထွက်လာတဲ့ စစ်ကောင်စီတပ်ကား သုံးစီးကို ပုလောမြို့နယ်ရှိ နန်းပရုတ်ရွာအနီးမှာ ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု မိနစ်အနည်းငယ်ဖြစ်ပွားခဲ့တယ်လို့  မြိတ်ခရိုင်တပ်ရင်း(၁)ရဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

“ ကျနော်တို့ဘက်က လက်နက်ငယ်တွေနဲ့ စပစ်တာပါ။ လက်ဦးမှုရသွားတော့ ကျနော်တို့ဘက်က အသာစီးရသွားပါတယ်။ ပြန်ပစ်တာမျိုးဖြစ်တော့ အပြန်အလှန်ပစ်တာ မိနစ်အနည်းငယ်တော့ဖြစ်တယ်” လို့သူကအခုလို ပြောပါတယ်။

အဆိုပါ ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သားတွေဘက်က ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူတွေရှိတာကြောင့် ပုလောဘက်ကို ယာဉ်တန်းပြန်လှည့်ချိန်မှာတော့ မနက် ၉နာရီလောက်မှာ သစ်လှတောကျေးရွာအနီး အဲ့ဒီစစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြန်ကြားရေးတာဝန်ခံကဆက်ပြောပါတယ်။

“ သူတို့ဘက်က ဒဏ်ရာရတဲ့သူတွေနဲ့ ကျန်တဲ့သူတွေပါ ပုလောတပ်ရင်းကို လူနာပြန်ပို့တာ။ မိနစ် ၃၀လောက်ကြာမှာတော့ ကျနော်တို့ဘက်က မိုင်းနှစ်လုံးနဲ့ ထပ်ဆွဲပါတယ်။ ဘယ်ညာညှပ်ပြီး ဆွဲလိုက်တာ” လို့သူကပြောပြပါတယ်။

အဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်တွေဘက်က စစ်ကားတစ်စီးပျက်စီးသွာတာကြောင့် စစ်ကောင်စီတပ်သားတွေဟာ လမ်းမှာတွေ့တဲ့ ခရီးသွားနေတဲ့ ကားတစ်စီးကို ခြိမ်းခြောက်ရပ်နားစေပြီး ကားပေါ်ပါလာတဲ့သူတွေကို ဆွဲချတာ ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေက ကားကိုယူဆောင်သွားပြီး ပြည်သူတွေကိုတော့ လမ်းမှာချန်ခဲ့တယ်လို့ သိရပေမယ့် ရိုက်နှက်ခံရတဲ့ အရပ်သားတွေနဲ့ ပတ်သတ်ပြီး နောက်ဆက်တွဲအခြေအနေကိုတော့ မသိရသေးပါဘူး။

ပစ်ခတ်တိုက်ခိုက်မှုနှစ်ကြိမ်အတွင်း  စစ်ကောင်စီတပ်တွေဘက်က ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကတော့ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ရက်နေ့ကလည်း ပုလောမြို့နယ်ရှိ တိုတောင်ပေါ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့သေးတယ်လို့ ဒေသတော်လှန်ရေးတပ်တွေရဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

 

သတင်း- နော်အယ်နီး

ပုံ- မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း

Phar Si Than  (People’s Radio Myanmar)