ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံသေဆုံးတာတွေ ဆက်ရှိနေ

ဇန်နဝါရီလ ၁၂ရက်၊ ၂၀၂၄ ခုနှစ်

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုတွေကြောင့် ဒေသခံသေဆုံးတာတွေ ဆက်တိုက်ဖြစ်ပေါ်နေတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။

ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့တွေကြား ၁လကျော်ကြာတိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်က ဒေသခံတွေကို လမ်းမပေါ်မထွက်ဖို့နဲ့ လမ်းမပေါ်ထွက်လာသူမှန်သမျှကို ပစ်ခတ်မယ်လို့ ဇန်နဝါရီလ အစပိုင်းမှာ လိုက်လံကြေညာခဲ့ပါတယ်။

အခုလိုကြေညာခဲ့ပြီးနောက် ဇန်နဝါရီလ ၁၀ ရက်နေ့ မနက် ၁၀ နာရီလောက်မှာတော့      ကျိုက္ကစံလမ်းမပေါ်မှာ အသက် ၂၀ ကျော်အရွယ်ကိုဘာဘစ်ဆိုသူကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာကြောင့် လမ်းမပေါ်မှာဘဲ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ကော့ကရိတ်မြို့ ဒေသခံတွေက ဆိုပါတယ်။

“ သူတို့က လမ်းပေါ်မထွက်ဖို့ကို ဇန်နဝါရီလ အစပိုင်းမှာ လိုက်အော်ခဲ့တယ်၊ အဲ့လို လိုက်မအော်ခင်ကတော့ လမ်းပေါ်မှာလူတွေ့ရင် ခြောက်ပြီးပစ်တာလောက်ဘဲရှိတာ၊ လူထိအောင်မပစ်ဘူး၊ ၁၀ ရက်နေ့ကတော့ ကျိုက္ကစံလမ်းပေါ်မှာ ဘာဘစ်က ပစ်ခံရပြီးဆုံးသွားတာ၊ ပွဲချင်းပြီးဘဲ၊ ၁၂ နာရီကျော်လောက်တော့ သူ့အလောင်းကို လာယူသွားကြတယ်၊” လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဇန်နဝါရီလ ၉ ရက်နေ့ မနက် ၇ နာရီလောက်ကလည်း ကော့ကရိတ်မြို့ ကမ်းနားလမ်းရှိ နေအိမ်မှာပစ္စည်းတွေကို ပြန်ယူတဲ့ အသက် ၂၁ နှစ်အရွယ် ကိုထွန်းမင်းလတ်ကိုလည်း စစ်ကောင်စီတပ်သားတွေက နေအိမ်အရှေ့မှာတင် ပစ်ခတ်သတ်ဖြတ်သွားခဲ့တယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။

“ ကမ်းနားလမ်းဘက်မှာက သူခိုးတွေ စစ်ရှောင်အိမ်တွေကနေ ပစ္စည်းဝင်ခိုးတာတွေရှိတယ်၊ ၉ရက်နေ့က အဲ့ဒီပစ်ခံရတဲ့လူက ကားနဲ့ သူ့ဦးလေးအိမ်ကပစ္စည်းတွေကိုလာယူတာ၊ အဲ့ဒီကနေ ကားနဲ့ပြန်အထွက်မှာ စစ်တပ်ကတွေ့ပြီး ပစ်သတ်သွားတာ၊ ကားထဲမှာဘဲသေသွားတယ်၊” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန် ကော့ကရိတ်မြို့ရှိ ဝင်းကြီး၊ တံတားဦး၊ ချောင်းတောင်တံတားဘက်တွေနဲ့ ကမ်းနားလမ်းအပိုင်းတွေမှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေ နေ့တိုင်းဆက်ရှိနေသလို စစ်တပ်ဘက်ကနေလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကို ဆက်တိုက်ပြုလုပ်နေတယ်လို့ KNLA သတင်းအရင်းမြစ်တွေဆီက သိရပါတယ်။

“ လောလောဆယ်တော့ ကျွန်တော်တို့ ကော့ကရိတ်မြောက်ပိုင်းမှာ တံတားကျိုးဂိတ်ကို သိမ်းပြီးထဲက ငြိမ်နေပါတယ်၊ မြို့ထဲမှာကတော့ တိုက်ပွဲတွေ ဆက်ရှိနေပါတယ်၊ ကမ်းနားလမ်းနဲ့ ချောင်းတောင်တံတားဘက်မှာ တိုက်ပွဲအသေးစားတွေက နေ့တိုင်းဖြစ်နေတယ်၊ စစ်တပ်ကလည်း လက်နက်ကြီးတွေနဲ့ ဆက်ပစ်နေပါတယ်၊” လို့ KNLA သတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။

ကော့ကရိတ်မြို့မှာ ဒီဇင်ဘာလ ၁ရက်နေ့ကနေ ဇန်နဝါရီလ ၁၂ရက်နေ့အထိ တစ်လကျော်ကြာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဒေသခံ ၂၀ ကျော် သေဆုံးခဲ့သလို နေအိမ် ၁၅၀ ကျော်လည်း မီးလောင်ပျက်စီးခဲ့တဲ့အပြင် ဒေသခံ ၂သောင်းဝန်းကျင်ဟာလည်း စစ်ဘေးလွတ်ရာ မြဝတီ၊ဘားအံနဲ့ မော်လမြိုင်မြို့ဘက်တွေကို လက်ရှိအချိန်ထိ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေရဲ့ ပြောစကားအရ သိရပါတယ်။

 

သတင်း-ကိုဖြိုး

ဓာတ်ပုံ-Social Media

Phar Si Than(People’s Radio Myanmar)