
ဇန်နဝါရီလ ၁၁ရက်၊ ၂၀၂၄ခုနှစ်
ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့တွင်းကနေရာတွေမှာ စစ်ကောင်စီတပ်သားတွေက အင်းအားအများအပြားနဲ့ တပ်စွဲနေထိုင်နေကြကာခံစစ်ပြင်ဆင်နေတယ်လို့ဒေသခံတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာလတုန်းက ကြာအင်းဆိပ်ကြီးမြို့တွင်းစစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ ကြာအင်းဆိပ်ကြီး ဆေးရုံကြီးကနေ ဈေးထိပ်ပိုင်းအထိကိုတပ်စွဲနေထိုင်နေကြပြီး လက်နက်ကြီးတွေလည်း တပ်ဆင်ထားတယ်လို့ ဒေသခံအမျိုးသမီးကပြောပါတယ်။
“သူတို့နေတဲ့နေရာတိုင်းမှာအားလုံးကိုမိုင်းတွေထောင်ထားတယ်အလုံးကြီးတွေလည်းတပ်ဆင်ထားတယ်အကုန်လုံးပေါ့ စစ်တပ်တွေကောမြို့ထဲမှာကောသူတို့တပ်စွဲထားတဲ့နေရာအားလုံး ပေါ့အပီအပြင်ကိုလုပ်ထားတာဆေးရုံ၄ထပ်ဆောင်မှာအပီအပြင်တပ်စွဲထားတယ်ဆေးရုံကနေဈေးထပ်ထိကိုစွဲထားတာ၊ထွေအုပ်ရုံးရှိတယ်၊စည်ပင်ရှိတယ်၊ဘဏ်ရှိတယ်၊မရကရုံးရှိတယ်၊စားရင်းစစ်ရယ်ရှိတဲ့ရုံးတွေအားလုံးအဲ့ဒီလမ်းမကြီးမှာပဲလေတန်းစီနေတယ်ဆိုတော့သူတို့အကုန်လုံးကိုပိတ်ထားတာဆိုတော့ဘယ်မှသွားမရဘူး”လို့သူကပြောပါတယ်။
အခုလက်ရှိအချိန်မှာလည်းမြို့အဝင်၊အထွက်နေရာတွေမှာလည်းစစ်ကောင်စီတပ်သားတွေက စစ်ဆေးတာတွေပြုသလိုပြောင်းရွှေ့နေထိုင်နေကြတဲ့ဒေသခံတစ်ချို့မှာလည်း ပြန်လည်းနေထိုင်နေကြပြီး လက်နက်ကြီးပစ်ခတ်တာမျိုးတော့မရှိဘူးလို့ဒေသခံတွေကဆိုပါတယ်။
“ ဒီကိုပြန်လာတဲ့သူကတော့ပြန်လာကြပြီးမလာတဲ့သူကလည်းမလာသေးဘူးစစ်တပ်တွေက တပ်လည်းစွဲထားတယ်ပိတ်လည်းပိတ်ထားတယ်မြို့အဝင်အထွက်တွေကတော့စစ်တာပေါ့ မောလမြိုင်ကိုသွားတဲ့အထွက်ဂိတ်စစ်တယ် ဘုရားသုံးဆူလမ်း အထွက်ဂိတ်စစ် တယ်လက်နက်ကြီးတွေဘာတွေပစ်တာတော့မရှိပါဘူး”ဆိုပါတယ်။
ဇန်နဝါရီလ၁ရက်နေ့တုန်းကလည်း စစ်တပ်ဘက်မှ တိုက်ပွဲပြန်ဖြစ်မယ်ဆိုတဲ့သတင်းတွေ ဝါဒဖြန့်ခဲ့တာကြောင့် မြို့တွင်းကဒေသခံတစ်သောင်းဝန်းကျင်ဟာ မော်လမြိုင်၊ဘုရားသုံးဆူနဲ့ အနီးအနားကျေးရွာတွေမှာသွားရောက်နေထိုင်ခဲ့ကြတာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာလတုန်းကလည်း စစ်တပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့နှစ်ဖက်ထိတွေတိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲ့ဒီတိုက်ပွဲအတွင်းမှာလည်း ဒေသခံ၂၀လောက်ထိလိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ်အများအပြား ပျက်စီးခဲ့တဲ့အပြင် အခုလက်ရှိအချိန်ထိကိုလည်းမွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အတွင်းက မြို့နယ်အများစုမှာလည်းအခုဇန်နဝါရီလအထိကို တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေရဲ့ပြောစကားအရသိရပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-Cj
Phar Si Than (People’s Radio Myanmar)