စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲခဲ့လို့ ကော့ခိုက်ကျေးရွာက ဒေသခံတစ်ဦးထိမှန်သွားသလို နေအိမ်တစ်ချို့လဲပျက်စီးသွား

ဧပြီလ ၂၈ရက် ၂၀၂၄

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ၊ကော့ခိုက်ကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အိမ်တချို့ ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

ဧပြီလ ၂၃ရက်နေ့ မနက် ၉နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က  Mi 35 ရဟတ်ယာဉ်နဲ့ ကော့ခိုက်ရွာထဲကို လာရောက်ဗုံးကြဲခဲ့လို့ကျေးရွာအတွင်း နေအိမ် ၃လုံးဝန်းကျင်ဗုံးစထိမှန်ပျက်စီးခဲ့သလို အသက်၄၀ ဝန်းကျင်အမျိုးသမီးတစ်ဦးလည်း မစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့ ကျေးရွာသားတစ်ဦးကပြောပါတယ်။

“ကိုယ်တွေအရှေ့မှာတင် အလုံးကြီးနဲ့ပစ်ချတာတွေ့နေရတယ် အိမ်တွေထိတယ် အရမ်းကြီးဆိုးဆိုး၀ါးဝါးတော့မဟုတ်ပေမဲ့ ၃လုံး၊၄လုံးလောက်တော့ထိတယ် ၊ လူတစ်ယောက်ကတော့ခြေထောက် ရှပ်ပြီးတော့ပဲထိတာ”လို့ သူကပြောပါတယ်။

ဒါ့အပြင်ဒီနေ့မနက် အစောပိုင်းမှာလဲ ခလရ (၅၄၅)တပ်ရင်းကနေ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိပဲ လက်နက်ကြီးတွေ နဲ့ ပစ်ခတ်‌ေနသလို ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ကျုံဒိုးမြို့ပေါ်က ဒေသခံတစ်ချို့လဲ
ပြန်လည်ဝင်ရောက်နေထိုင်ကြပြီလို့ မြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ဒီနေ့မနက်ပဲ ကျုံဒိုးပြန်ရောက်တာ။ လက်နက်ကြီးပစ်တဲ့ အသံတွေကြားနေရတယ် ဘယ်နားတွေကျမှန်းတော့မသိပါဘူးမြို့ပေါ်မှာလဲ ဈေးဆိုင်တွေကတော့ဖွင့်ကြတယ် ”လို့ဆိုပါတယ်။

ဧပြီလ ၁၉ရက်နေ့ ကျုံဒိုးမြို့နယ်တစ်ဝိုက်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်ကလေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့် ဒေသခံနေအိမ်ထိခိုက်ပျက်စီးတာတွေလည်းရှိသလို ဒေသခံတချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

သတင်း-နော်ဖူးဖူး

ပုံ-လူမှုကွန်ရက်

Phar Si Than (People’s Radio Myanmar)