ထို့ကော်ကိုးလမ်းပိုင်းမှာလမ်းအပျက်အစီးတွေများပြားလာတာကြောင့်လမ်းခရီးပိုမိုကြန့်ကြာမှုတွေရှိလာ

ဇန်နဝါရီလ ၄ရက်၊ ၂၀၂၄ခုနှစ်

 

ကရင်ပြည်နယ်၊ မြဝတီ−ကော့ကရိတ်အာရှလမ်းနဲ့ ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတာကြောင့် ထို့ကော်ကိုးလမ်းပိုင်းကို အသုံးပြုသွားလာနေကြပြီး အဲ့ဒီလမ်းပိုင်းမှာလည်း လမ်းအပျက်အစီးတွေများပြားလာကာ လမ်းလရီးမှာ ပိုမိုကြန့်ကြာလာတယ်လို့ ယာဉ်မောင်းတွေဆီကနေသိရပါတယ်။

ထို့ကော်ကိုးလမ်းပိုင်းမှာ ၁၀ဘီးကားနဲ့ ၁၂ဘီးကားတွေဖြတ်သန်းသွားလာတာကြောင့် ဒီဇင်ဘာလ နောက်ဆုံးအပတ်ကနေစပြီး ထို့ကော်ကိုးလမ်းပိုင်းအခြေအနေမှာလည်း တစ်နေ့တစ်ခြား ပိုမိုဆိုးရွာလာကာ ယာဉ်တိမ်းမှောက်တာတွေလည်း နေ့တိုင်းနီးပါးဖြစ်ပေါ်နေတယ်လို့ ယာဉ်မောင်းတစ်ဦးကပြောပါတယ်။

“လမ်းဆိုးလာတာကတစ်ပတ်ကျော်ပြီး အဲ့ဒီဝန်းကျင်မှာလည်းလမ်းကပိုဆိုးလာတယ် တစ်ရက်တစ်ခြားပိုဆိုးလာတယ်လမ်းကလေ၁၀ဘီးကားတွေ၁၂ဘီးကာတွေဖြတ်တာတွေလည်းပါတာပေါ့ အခုတော့ကားကြီးတွေသွားတာမတွေ့တော့ဘူးကားမှောက်တာကတော့ နေ့တိုင်းလိုလိုပဲတွေ့တယ်ပျက်တာတွေမှောက်တာတွေကလမ်းခရီးကြန့်ကြာတာကတော့ပုံမှန်တော့မရှိဘူးမနက်ကထွက်လာတယ်ဆိုတစ်ချို့ကနေ့တစ်ဝက်တစ်ချို့ဆိုအခုညဘက်ထိမရောက်သေးတဲ့သူတွေရှိတယ်အတက်မြင့်တဲ့နေရာတွေရှိတယ်အဲ့နေရာတွေကဖုန်တွေတအား ထူတော့လမ်းလည်းတအားကြမ်းတယ်အဲ့ဒီနေရာမှာတွေကားတွေကချောပြီးတော့ပိတ်နေတာ” လို့ သူကပြောပါတယ်။

ဒါ့အပြင် မြဝတီ-ထို့ကော်ကိုးလမ်းပိုင်းမှာလည်းစစ်တပ်လက်အောက်ခံနယ်ခြားစောင့်တပ်BGF၊ အပစ်ရပ်DKBAနဲ့ PCအဖွဲ့နဲ့ကျေးရွာရှိ KNUတပ်ဖွဲ့တွေဂိတ်အထိုင်ချထားတဲ့ ဂိတ်၃၀ ဝန်းကျင်လောက်က ငွေကြေးကောက်ခံနေသလိုတောင်ခြေကအဖွဲ့စုံဂိတ်မှာလည်း ကားအမျိုးအစားအလိုက် သုံးသောင်းကနေတစ်သိန်းပေးဆောင်ရတယ်လို့ခရီးသယ်တင်ယာဉ်မောင်းတွေကဆိုပါတယ်။

“KNU၊BGF၊PCအဖွဲ့အစည်းပေါ့လက်မှတ်ဖြတ်တဲ့နေရာမှာကကျတော့တစ်သိန်းခွဲရှိတယ်တစ်သိန်းရှိတယ်ကားအသေးလေးတွေကတော့တစ်ဈေးပေါ့ကားအသေးလေးတွေက်တော့သုံးသောင်းပေါ့ ကားပိုကြီးသွားရင်တော့ဈေးကပိုများသွားတာပေါ့ အဖွဲ့စုံဂိတ်ဆိုတာကတော့ BGFတို့ဘာတို့ပေါ့ တောင်ကြောမှာကတော့ဂိတ်ကတော့ တစ်ထောင်၊နှစ်ထောင်အဲ့လောက်ပဲ နဘူးကနေပြီးတော့ ကျုံဒိုးသွားတဲ့လမ်းမှာလည်း၁၀ဂိတ်ကျော်ကျော်လောက်ရှိတယ်။

နောက်ထပ်ယာဉ်မောင်းတစ်ဦးကလည်း “တစ်ကြောင်းသွားတာကို ပိုက်ဆံကပေးရတာ အတက်လည်းပေးရတယ် ဝိတ်ပါရင်ပေးရတယ်အဆင်းလည်းဝိတ်နဲ့ဆိုရင် ပေးရတယ် လက်မှတ်ဆိုတာကတော့အေးဂျင့်နဲ့ဖြတ်တဲ့ကဒ်တွေကိုပြောတာအေးဂျင့်နဲ့မဟုတ်ရင်ပိုက်ဆံကပိုကုန်တယ်ကုန်ကျစရိတ်အတိအကျကတော့ပြောလို့မတတ်ဘူး ဂိတ်တွေကတော့ အဖွဲ့အစည်းဂိတ်တွေပါပဲ” ဆိုပါတယ်။

ဒီဇင်ဘာလ၁၈ရက်နေ့မှာတော့ထို့ကော်ကိုးလမ်းပိုင်းကိုအဆင်းတစ်ရက်အတက်တစ်ရက်သတ်မှတ်လိုက်ပေမဲ့လမ်းခရီးကြမ်းတမ်းတာတွေအပြင်မော်တော်ယာဉ်တစ်ချို့မှာလည်း ပုံမှန်တန်ချိန်ထပ် ပိုသယ်ဆောင်တာကြောင့် ကားမနိုင်ပဲယာဉ်တိမ်းမှောက်တာတွေ မကြာခဏဖြစ်ပေါ်နေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလကနေစပြီးကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အတွင်းကဒေသတော်တော်များများမှာ စစ်တပ်နဲ့KNLAပူးပေါင်းတပ်ဖွဲ့တွေ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ကာ စစ်တပ်ကလည်း လမ်းတွေပိတ်ဆို့ထားတာကြောင့်ကုန်စည်သယ်ဆောင်တဲ့အခါမှာလည်းအခက်အခဲဖြစ်နေပြီး ကုန်ဈေးနှုန်းတွေလည်းအဆမတန်မြင့်တက်လာတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

 

သတင်း – နော်ဖူးဖူး

ပုံ – Cj

Phar Si Than(People’s Radio Myanmar)